ကော်ဖီချစ်သူများအတွက်တော့ ကော်ဖီဆိုတဲ့စကားလုံးလေးက ကိုယ့်ချစ်သူ ကိုယ့်အဖော်ရဲ့ နာမည်လေး ကြားလိုက်ရသလိုရှိမှာပါ။ ကော်ဖီရဲ့ ခါးသက်သက်အရသာ ချိုမြမြအရသာက ကော်ဖီချစ်သူတို့ကို မသောက်ရ မနေနိုင်အောင် စွဲဆောင်ကြတာချည်းပါပဲ။ ဘယ်ကော်ဖီ အမျိုးအစား ကတော့ဖြင့် ဘယ်လို အရသာရှိလဲ၊ ခပ်ပြင်းပြင်းလား ခပ်ပျော့ပျော့လားဆိုတာကိုသိရှိစေဖို့ we love coffee ဆောင်းပါးလေးနဲ့ ကော်ဖီအကြောင်း တစေ့တစောင်း ပြောပြပါရစေ။ စာဂျပိုးကိုယ်တိုင်ကလည်း ကော်ဖီ ကြိုက်သူ တစ်ဦးပါ။ ဒါပေမယ့် ကော်ဖီဆိုင်ရောက်ရင် ကော်ဖီအမျိုးအစားတွေက အများကြီးရှိနေတော့ ဘယ်ဟာ ရွေးသောက်ရမလဲ အမြဲအခက်ကြုံခဲ့ရပါတယ်။ ဒီတော့ တခြားကော်ဖီချစ်သူတွေလည်း စာဂျပိုးလို အခက်မကြုံအောင် ကော်ဖီအကြောင်းလေး ပြောပြသွားမယ်နော်။
ကော်ဖီချစ်သူများအတွက်တော့ အက်စ်ပရက်ဆို espresso ဆိုတဲ့အသုံးနှုန်းလေးကတော့ မစိမ်းတော့ဘူး ဖြစ်မှာပါ။ espresso ကို ကော်ဖီတွေရဲ့ဘိုးအေလို့တောင် တင်စားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီတော်တော်များများက espresso ပေါ်အခြေခံပြီးလုပ်သွားလို့ပါပဲ။ ရေအချိုးအဆ နို့အချိုးအဆ အချို ပါဝင်မှုပေါ်မူတည်ပြီး အမျိုးအစား ကွဲပြားသွားတာပါ။
ဒီတော့ အရင်ဆုံး espresso အကြောင်းအနည်းငယ်ပြောပြသွားပါမယ်။ Espresso တစ်ခွက် ဖြစ်လာဖို့ကို မှုန့်ညက်နေတဲ့ကော်ဖီမှုန့် 7 g လောက်ကို ရေ 25ml မီလီလီတာလောက်နဲ့ အပူနဲ့ ဖိအားကိုသုံးပြီး espresso machine စက်ထဲမှာ ပြုလုပ်လိုက်တဲ့အခါ ကော်ဖီမှုန့်တွေအားလုံး ရေထဲမှာပျော်ဝင်သွားပြီး espresso ကော်ဖီတစ်ခွက်ရလာပါတယ်။ espresso ကော်ဖီတစ်ခွက်မှာ ကဖင်း 120-150 mg ပါဝင်ပါသည်။ ဒီတော့ espresso ဆိုတာ ကော်ဖီခပ်ပြင်းပြင်းလေးတစ်ခွက်ပေါ့။
Espresso အကြောင်းသိပြီဆိုတော့ နောက်တစ်ဆင့် espresso ပေါ်အခြေခံပြီး ကွဲပြားသွားတဲ့ ကော်ဖီတွေ အကြောင်း ထပ်ရှင်းပြပါမယ်။
(၁)အမေရိကာနို Americano
အမေရိကာနိုကိုပြုလုပ်ဖို့အတွက် espresso တစ်ခွက်ကို ရေနွေး 30-470 ml လောက်ရောလိုက်တယ်။ အဲ့ဒါကြောင့် အမေရိကာနိုရဲ့ ပြင်းအား espresso ဘယ်နှခွက်သုံးလဲပေါ်မှာမူတည်တယ်။ ခပ်ပြင်းပြင်းလေး သောက်ချင်တယ်ဆိုရင်တော့ espresso နှစ်ခွက်လောက်ထိရောနိုင်တယ်။ ဒါဆို အမေရိကာနိုရဲ့ အရသာက ခါးသက်သက် ခပ်ပြင်းပြင်းကော်ဖီဆိုတာ သိသွားပြီပေါ့။
(၂)ကဖေးလန်ဂို cafe lungo
သူကတော့ အမေရိကာနိုနဲ့ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် သူ့ကျတော့ espresso ကို ရေနွေး ရောတာ မဟုတ်ဘဲ အစကတည်းက ရေပမာဏခပ်များများနဲ့ ဖျော်တာပါပဲ။ Espresso ဖျော်မယ့် ရေပမာဏထက် ပိုပြီး ဖျော်လိုက်တာပါ။
(၃)ကဖေး ကျူဘာနို café cubano
ကျူးဘားနိုင်ငံရိုးရာကော်ဖီဖြစ်ပြီး အရသာမှာ ပြင်းပြင်းနဲ့ ချိုချိုလေးပါ။ ကော်ဖီစေ့နဲ့ သကြား တစ်ခါတည်းရောပြီး နှပ်ကြတယ်။ ကန်တော့ပုံပိတ်စနဲ့ စစ်ချပြီး နှပ် တဲ့နည်းကိုသုံးကြတယ်။ ကျူဘန်းရိုးရာ ကော်ဖီက နောက်ပိုင်းတွင် မိုင်ယာမီ၊ ဖလော်ရီဒါ၊ ယူအက်စ် ကိုပျံ့နှံ့သွားပြီး espresso machine ကိုသုံးပြီး ကော်ဖီနဲ့ သကြားရောပြီးနှပ်တဲ့နည်းကိုသုံးကြတယ်။ အဲ့ဒီနောက်ပိုင်း café cubano သို့မဟုတ် Cuban espresso ဆိုပြီး ခေါ်လာကြပါတယ်။
(၄)အန်တိုစီနို Antoccino
အန်တိုစီနိုကိုဖျော်ဖို့အတွက် espresso နဲ့ နွားနို့ကို 1:1 ပမာဏနဲ့ရာစပ်ပါမယ်။ ဒါဆို စိမ့်သက်သက် အရသာကိုခံစားရမယ်။
(၅) Cuppcucino
Cappuccino ကတော့ လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ နိုင်ပမာဏကများများ ပါဝင်ပြီး အရသာ စိမ့်စိမ့်လေးနဲ့ ကော်ဖီလည်းသိပ်မပြင်းဘူးပေါ့။ espresso ကိုနွားနို့အပူနဲ့ အမြုပ်ရိုက်ထားတဲ့ နွားနို့ ရောစပ်ပြီး ဖျော်လျှင် အမြုပ်များများနဲ့ Cappucino တစ်ခွက်ရပါပြီ။ Cappuccino အပေါ်က အမြုပ်ကလေးတွေက Coffee ကို အချိန်ကြာကြာ ပူနွေးနေစေပါတယ်။
(၆) အက်စ်ပရက်စီနို (Espressino)
အက်စ်ပရက်ဆိုကို အပူပေးပြီးသား နွားနို့နဲ့ ချောကလက်မှုန့်လေးတွေ ရောဖျော်ထားတယ့် Coffee ကို အက်စ်ပရက်စီနို လို့ခေါ်ပါတယ်။
(၇) ဖလက်ဝှိုက် (Flat White)
Flat White ရဲ့ ကော်ဖီ၊ နို့အချိုးအဆကတော့ Cuppuccino နဲ့အတူတူ ပါပဲ။ ကွာခြားတာကတော့ Espresso ပမာဏနဲ့ အမြုပ်မထွက်တဲ့ နွားနို့ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ Flat White မှာ Cappuccino လို အမြုပ်မများတဲ့အတွက် ကော်ဖီနဲ့နို့ အရသာကလျှာဖျားထဲကို စိမ့်ဝင်သွား တော့တာပေါ့။
(၈) လက်တေး (Latte)
လက်တေးတွင်တော့ အက်စ်ပရက်ဆိုနဲ့ နို့ကို ၁း၃ ကနေ ၁း၅ အချိုးအစားထိ ရောစပ်ထားပါတယ်။ သူ့မှာလည်း အမြုပ်လေးတွေ ပါပါတယ်။ Cappuccino လောက်တော့ အမြုပ်မများဘူး၊ နို့များများနဲ့ စိမ့်စိမ့်လေးမှ သောက်ချင်တယ့် သူတွေအတွက် သင့်တော်ပါတယ်။
(၉) လက်တေး မက်ချီယာတို (Latte Macchiato)
သူကတော့ နွားနို့ကို အက်စ်ပရက်ဆို ရောပြီးဖျော်တာပဲ။ လက်တေးနဲ့ မတူတာက သူက နွားနို့ အသားပေး အရသာအစိမ့်ဘက် ရောက်တယ်။ ပြီးတော့ အက်စ်ပရက်ဆို ကိုလည်း တစ်ဝက်ပဲ ထည့်ဖျော်တယ်။ သူ့မှာ အသုံးများတယ့်နို့က ပုံမှန် နို့ထက် အမြုပ်ပိုပါတယ်။ ကော်ဖီနဲ့ နို့ ရောမွှေပြီး ဖျော်တာ မဟုတ်ပဲ တစ်လွှာစီဖြစ်အောင် ဖျော်ပါတယ်။
(၁၀) မက်ချီယာတို (Macchiato)
သူကတော့ (Espresso) ကိုနို့များများရောထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကော်ဖီရဲ့ အရသာ ပျော့သွားတယ်။ မက်ချီယာတိုမှာ အရေးအကြီးဆုံးက အလွှာသုံးလွှာပဲ။ သူ့ရဲ့ပုံစံ ကြည့်လိုက်ရင် အောက်ဆုံးက အရောင်အရင့်ဆုံး အလွှာ (Espresso) ပေါ့ အလယ်လွှာကတော့ (Espresso) နဲ့နို့နဲ့အရော အပေါ်ဆုံးလွှာက နို့အမြုပ်လေးတွေကို ခပ်ထူထူ လောင်းထည့်ထားပါတယ်။
(၁၁) မိုခါး (Mocha)
မိုခါးကတော့ (Cappuccino) နဲ့ချောကလက် ရောထားတယ့် အရသာလေးပါ။ စိမ့်စိမ့်လေးနဲ့ ချောကလက်နဲ့ မွှေးမွှေးလေးကို တွဲဖက်ခံစားရမှာပါ။ သူကလည်း (Cappuccino) လိုအမြုပ်များတယ်။ အမြုပ်ပေါ်မှာ ချောကလက်မှုန့် လေးတွေလည်း ဖြူးထားပေးတဲ့အတွက် ပိုမိုထူးခြားတယ့် အရသာ ကိုလည်း ခံစားရမှာပါ။
(၁၂) လစ်ခီယာ ကော်ဖီ (Liqueur Coffee)
ဒီကော်ဖီကတော့ အရက်နဲ့ ရောစပ်ထားတာဖြစ်တယ်။ Liqueur အရက်က ခပ်ပြင်းပြင်း ချိုချို အရသာ ရှိပါတယ်။ လစ်ခီယာ ကော်ဖီဟာဆိုရင် ချိုမွှေးမွှေး ခါးသက်သက် ရီဝေဝေ အရသာကိုပေးနိုင်မှာ ဖြစ်ပါတယ်။
ကော်ဖီ အမျိုးအစား အများကြီးကိုတော့ ဖော်ပြလိုက်ပြီနော်။ တချို့ကလည်း မြန်မာမှာ လူသိ သိပ်မများသေးသလို မရနိုင်သေးတာလည်းရှိမယ်။ ဒီလောက် သိထားပြီးရင်တော့ အသုပ်စုံရဲ့ ကော်ဖီချစ်သူတို့ ကော်ဖီဆိုင် ထိုင်တဲ့အခါ ကြိုက်နှစ်သက်မယ့် အရသာလေးတွေကို ရွှေးချယ်မှာယူ နိုင်လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ နောက်နောင် အခါများတွင်လည်း ဒီထက်စိတ်ဝင်စားစရာ ကောင်းမယ့် အစီစဉ်မျိုးကို ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်လို့ အသုပ်စုံရဲ့ Blog စာမျက်နှာ www.athoatsone.blogspot.com မှာလည်း ဝင်ရောက် ဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။
မေတ္တာများစွာဖြင့်
စာဂျပိုး
Ref: Wiki Pedia
Lattaeart
No comments:
Post a Comment