ဒီတစ်ခေါက်မှာတော့
အသုပ်စုံရဲ့ပရိတ်သတ်တွေအတွက် အပျင်းလည်းပြေ စိတ်ဝင်စားစရာကောင်းတယ့် အိမ်မွေးကြောင်လေးတွေ
အကြောင်းကို ဗဟုသုတ အဖြစ် ပြန်လည် မျှဝေပေးမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတယ့် လူသားတော်တော်များများဟာ
ခွေး၊ ကြောင်၊ Hamstar (ပူးမျိုးနွယ်ဝင် ကြွက်တစ်မျိုး) နှင့် ငှက်စသော တိရိစ္ဆာန်ကလေးများ
ကိုအမျိုးမျိုးသော ရည်ရွယ်ချက်များဖြင့် မိမိတို့ရဲ့ နေအိမ်သို့မဟုတ် တိုက်ခန်းများတွင်
မွေမြူထားတတ်ကြပါတယ်။ ၄င်းအကောင်လေးများမွေးမြူထားခြင်းအားဖြင့် မွေးထားသူပိုင်ရှင်ကိုယ်တိုင်
စိတ်ထားနူးညံ့သိမ်မွေ့လာခြင်း ၄င်းအကောင်ကလေးများနှင့် ဆော့ကစားနေချိန်တွင် ပျော်ရွှင်၍
စိတ်အပန်းပြေခြင်း စတယ့် အကျိုးကျေးဇူးများအပြင် အခြားအကျိုးကျေးဇူးများစွာလည်း ရှိနေပါသေးတယ်။
ဥပမာ ကြောင်လေးများမွေးထားခြင်းဖြင့် အိမ်တွင် ကြွက်များသောင်းကျန်းခြင်းမှ ကင်းဝေးခြင်း၊
ခွေးမွေးထားခြင်းကြောင့် အိမ်လုံခြုံပြီး သူခိုးများရန်မှကင်းဝေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
၎င်းအိမ်မွေးတိရိစ္ဆာန်များထဲမှ ကြောင်ကလေးမျာရဲ့ ထူးထူးခြားခြား အမူအကျင့်များနှင့်
၎င်းတို့ကနေ သခင်တွေကို Body Language ဖြင့်ပြောလေ့ရှိသော စကားများ အကြောင်းကို အသုပ်စုံ
သိသလောက် မျှဝေပေးပါရစေ။
ဟုတ်ပါတယ်
အထက်မှာပြောခဲ့သလို ကြောင်ကလေးတွေက Body Language ဖြင့် သခင်တွေကို အမြဲစကားပြောလေ့ရှိပါတယ်။
သို့သော်လည်း ၄င်းတို့ ပြောဆိုသမျှ သတိမထားမိဘဲ (သို့) နားမလည်ဘဲ ဖာသိဖာသာ နေမိသောအခါမှာတော့
အချိန်ကြာလာတာနှင့် အမျှ ကိုယ်မွေးထားသော ကြောင်နှင့် သခင်ကြားက ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်လာပြီး၊
သခင်ဘာပြောပြော ကြောင်က ဂရုမစိုက်တာမျိုး၊ သခင်မကြိုက်သော အရာကိုသာ ကြောင်က ထပ်ခါထပ်ခါ
လုပ်နေတာမျိုး၊ သခင်အပေါ် ပြန်လည်ရန်လိုကာ ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ခြင်းစတယ့် ပြဿနာများစွာ
ကြုံရတတ်ပါတယ်။ ဒါတွေကို သခင်တွေကလည်း နားလည်သိရှိပြီး ၄င်းတို့ရဲ့ Body Language ဘာသာစကားဖြင့်
ပြန်လည်ပြောဆိုနိုင်မယ် ဆိုရင်တော့ ကိုယ်မွေးထားတယ့် ကြောင်ကလေးများကလည်း သခင်အပေါ်
ပိုမိုသိတတ် ချစ်ခင်လာပြီး လက်ရှိထက်ပိုမိုအဆင်ပြေတယ့် အခြေအနေကို ရရှိနိုင်မှာဖြစ်ပါတယ်။
ယခု Post တွင် ကြောင်ကလေးတွေ ပြောတယ့် Body Language စကားရဲ့ အဓိပ္ပါယ် ၄ မျိုးအကြောင်းကို
ပြောပြပေးမှာဖြစ်ပါတယ်။
(၁) မျက်စိမှိတ်ပြခြင်း (Love
Blink)
ဒီအမူအရာလေးကိုတော့
ကြောင်ချစ်သူတော်တော်များများ သတိထားမိပါလိမ့်မယ်။ မိမိမွေးထားတယ့် ကြောင်ကလေးက မိမိကို
ရှုတည်တည်ကြည့်နေရင်း ၄င်းရဲ့ မျက်စိနှစ်ဖက် လုံးကို ဖြေးညှင်းစွာမှိတ်လိုက်ဖွင့်လိုက်လုပ်ပြခြင်းဖြစ်ပါတယ်။
၎င်းအမူအရာကို အနောက်တိုင်းက ကြောင်ချစ်သူများကတော့ (Love Blink) လို့ချစ်စနိုး နာမည်ပေးထားပြီး
ထိုနာမည်လေးအတိုင်းပဲ ၄င်း အမူအရာရဲ့ အနက်ကတော့ I Love You ဟူ၍ဖြစ်ပါတယ်။ ကိုယ့်ကြောင်လေးနဲ့
မျက်လုံးခြင်းဆုံနေချိန်မှာ သူ့ကို မျက်လုံးမှိတ်ပြကြည့်ပါထိုအခါ သူကလည်း ကိုယ့်ကို
ပြန်လည် အသိမှတ်ပြုတယ့်အနေနဲ့ မျက်လုံးပြန်မှိတ်ပြပါလိမ့်မယ်။ (မျက်လုံးမှိတ်ပြရာတွင်
အလွန်မနှေးလွန်း မမြန်လွန်း ဖြစ်ဖို့ကိုတော့ သတိပြုပါ)
(၂) ပက်လက်အနေအထားဖြင့် လူးလိမ့်ပြခြင်း
ဒီအမူအရာကတော့ ကြောင်နှင့်သူ၏ သခင်ကြားက
အားကိုးယုံကြည်မှုကို အတည်ပြု ပြသခြင်း ဖြစ်ပါတယ်။ အိမ်တွင်မွေးထားသော ကြောင်ကလေးအနားကို
သခင်က ချဉ်းကပ်သွားချိန်မှာ သို့မဟုတ် သခင်နှင့်အတူ ဆော့ကစားနေစဉ်မှာ လုပ်လေ့လုပ်ထရှိသော
အမူအရာဖြစ်ပါတယ်။ အဲ့ဒီအမူအရာရဲ့ အနက်အဓိပ္ပါယ်ကတော့ ကျွန်ုပ်သင့်ကို ယုံကြည်အားကိုးပါတယ်။
သင်ကျွန်ုပ် အနားရှိနေချိန်မှာ ကျွန်ုပ်လုံခြုံ အန္တရာယ်ကင်းတယ် လို့ခံစားရတယ် ဆိုတယ့်
အဓိပ္ပါယ်သက်ရောက် ပါတယ်။ သူတစ်ကောင်တည်း ရှိနေချိန်မှာ ထိုသို့ ပက်လက်အနေအထားနှင့်
လူးလိမ့်နေစဉ် သင်က သူ့အနားကိုကပ်သွားသည့်တိုင်အောင် သူကတော့ အေးအေးလူလူ လုပ်မြဲတိုင်း
လုပ်နေတယ် ဆိုလျှင်လည်း ထိုသို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ သို့ပေမယ့် ရုတ်တရက်ထပြီး
ပြေးသွားတယ် ဆိုရင်တော့ သင့်ကိုသူ ယုံကြည်စိတ်ချမှု မရှိသေးလို့ပါပဲ။
(၃) ဦးခေါင်းနှင့်ခွေ့ခြင်း
ကြောင်ကလေးတွေ ပြုလုပ်တတ်တယ့် အမူအရာများထဲမှ
ဒီဦးခေါင်းနှင့် တိုက်ခြင်း (သို့) ခွေ့ခြင်း အမူအရာဟာ တော်တော်လေးကို ပိုင်စိုးပိုင်နင်း
ဆန်တယ့် အမူအရာလို့လည်း ပြောလို့ရပါတယ်။ အဲ့ဒီ မူအရာရဲ့ အနက်အဓိပ္ပါယ်ကတော့ ၄င်းတို့
ဦးခေါင်းနှင့် တိုက်လိုက်သော လူ သို့မဟုတ် အရာဝတ္ထုပစ္စည်း ဟာ သူတို့တစ်ကောင်ထဲပိုင်
ကိုယ်ပိုင်ပစ္စည်း ဖြစ်တယ်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ အထူးသဖြင့် ထိုအမူအရာကို သူတို့ကို
အစာကျွေးခါနီး သူတို့အား အစာကျွေးနေကျ သခင် သို့မဟုတ် သူတို့ကို လက်ရှိ အစာကျွေးနေသူကို
သူတို့ဦးခေါင်းနဲ့ တိုက်တတ်ပါတယ်။ သို့သော် တစ်ခါတစ်လေမှာ ထိုအမူအရာက သူတို့ ကြောင်အခြင်းခြင်း
တစ်ကောင်နှင့် တစ်ကောင် မိတ်ဖွဲ့ခြင်း အသိအကျွမ်းဖြစ်ခြင်း ဟုလည်း အဓိပ္ပါယ် သက်ရောက်နိုင်ပါသေးတယ်။
ထို့ကြောင့် အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး စမ်းသပ်ကြည့်ချင်တယ် ဆိုလျှင် မိမိမွေးထားသော
ကြောင်ကလေး၏ ဦးခေါင်းကို မိမိဦးခေါင်းနှင့် ညှင်သာစွာ တိုက်ကြည့်လိုက်ပါ။ သူတို့စိတ်ကြည်လင်နေခိုက်ဆိုလျှင်
ဦးခေါင်းနှင့် တိုက်တိုက်ပြီးခြင်း ကြောင်ကလေးများက သခင်တွေကို ပြန်လည်ပြီး Love
Blink မျက်လုံးပြန်မှိတ်ပြ ပါလိမ့်မယ်။ သို့သော် သခင်တွေကို သူတို့ စိတ်ကောက်နေချိန်
ဆိုလျှင်တော့ ခေါင်းတိုက်လို့မရအောင် သူတို့ လက်နှင့် ထောက်ထားခြင်း ဦးခေါင်းကို တစ်ဖက်သို့
သိသိသာသာ စောင်းထားခြင်း၊ မိမိ၏ နဖူးကို လက်နှင့် ပြန်ပုတ်ထုတ်ခြင်းစတယ့် တုန့်ပြန်မှုများကို
တွေ့ကြုံရမှာ ဖြစ်ပါတယ်။
(၄) ချွဲပျစ်ပျစ် အသံဖြင့် စကားပြောခြင်း
တစ်ခါတစ်လေမှာ ကိုယ်မွေးထားတယ့် ကြောင်ကလေးက
ကိုယ့်ကို ကြည့်နေရင်း သို့မဟုတ် ကိုယ့်ပေါ် ထိုင်ရေရင်းကနေ မော့ကြည့်ပြီး အသံ မပွင့်တပွင့်
ကလေးနဲ့ ညှောင် ဆိုတယ့် အသံကို အရှည်ဆွဲပြီး အော်နေတာမျိုးကို အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး
ကြုံဖူးကြလား? အဲ့လိုအသံပေးခြင်းရဲ့ အဓိပ္ပါယ်ကတော့ (Request) လုပ်ခြင်း တောင်းဆိုခြင်း
ဆိုတယ့် အဓိပ္ပါယ် သက်ရောက်ပါတယ်တဲ့။ အများအားဖြင့် သူတို့ လုပ်နေသော အရာတစ်ခုခုကို
သခင်က မလုပ်ရန် တားမြစ်သော အခါ။ သို့မဟုတ် သခင်ခွင့်မပြုတဲ့ သူတို့ အကြိုက်နှစ်သက်ဆုံးသော
နေရာ (ဥပမာ - သခင်တွေရဲ့ စောင်အပေါ် သို့ခေါင်းအုံးပေါ်) တွင်ထိုင်နေခိုက် သို့မဟုတ်
အိပ်နေခိုက်တွင် သခင်က အဲ့ဒီနေရာကနေ ဖယ်ပေးရန် ပြောသော သို့မဟုတ် ဆူသောအချိန်တွင် အများဆုံး
ပေးတတ်သော အသံဖြစ်ပါတယ်။ ဒီချွဲပျစ်ပျစ် အသံလေးများကြောင့်လည်း သခင်အများစုက ချစ်စရာ
ကြောင်ကလေးများကို မလွန်ဆန်နိုင်ပဲ သူတို့အလိုအမြဲလိုက်နေကြရတာ ဖြစ်ပါလိမ့်မယ်။
ဟုတ်ကဲ့ အသုပ်စုံ တစ်ယောက်လည်း ကြောင်ချစ်တတ်သူ
တစ်ယောက်ဖြစ်လို့ ကြောင်ကလေးတွေ အကြောင်းကို အမြဲ ရှာဖွေဖတ်ရှုနေရတာကိုပဲ အချိန်ကုန်မှန်းမသိ
ပျော်နေတတ်တယ့်အတွက်၊ အသုပ်စုံ ရှာဖွေ လေ့လာမိသလောက် ကြောင်ကလေးတွေနဲ့ ပက်သက်တယ့် အသိပညာ
ဗဟုသုတများကို အချိန်ရတိုင်း အသုပ်စုံရဲ့ ပရိတ်သတ်ကြီးအတွက် အမြဲတင်ပေးပါ့မယ်။ နောက်လည်း
ဒီ ကြောင်လေးတွေနဲ့ စကားပြောမယ် ခေါင်းစဉ်နဲ့ ပဲ အိမ်မွေးကြောင်ကလေးတွေအကြောင်း ဗဟုသုတတွေ မျှဝေပေးသွားမှာ ဖြစ်တယ့် အတွက် စောင့်မျှော်ဖတ်ရှုရင် အသုပ်စုံ ရဲ့ Blog စာမျက်နှာဖြစ်တယ့်
www.athoatsone.blogspot.com ကိုလည်း အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေနော်။
စေတနာများစွာဖြင့်
အသုပ်စုံ (လဝန်းညို)
No comments:
Post a Comment