Sunday, May 13, 2018

အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်



ကြည်မြပီသ
အမေ့သံချို အေးအေးအိုအို…….
မြှူကာဆိုလို့ရယ်
ပျိုမြစ်နုနယ် ငယ်စဉ်ရွယ်မို့
အမေ့အဆင်း
ကြည်ဖြူဝင်းကာ ပြုံးဝေဆာလို့
ချော့ကာသိပ်ပေး နို့ချိုကျွေးသည်
ကလေးဘ၀ အေးချမ်းမြသည်
မိဘရိပ်တွင် အမေ့ရင်ခွင်……….

တီတီတာတာ သံဆာဆာနှင့်
မပီစကား ဆိုပါငြားက
ကရားရေလွှတ် တတွတ်တွတ်သို့
နောက်ရွှတ်စလို မေတ္တာပိုသည်
ပီတိပြည့်ဝင်း ငွေလမင်းသို့…………

ကကြီးခခွေး သင်ကာပေး၍
အရေးအဖတ် ကလေးတတ်အောင်
မမှတ်မချင်း စိတ်ရင်းရှည်စွာ
မြှူကာတစ်လှည့် ခြောက်ကာတစ်ဖုံ
သင်ကြားပုံတို့ မြင်ယောင်လို့ရယ်
စိတ်ဝယ်တမ်းတမိတယ်အမေ

ကျောပိုးအိတ်လွယ် ချိုင့်တို့ရယ်နှင့်
ကျောင်းဝယ်စာသင် ပို့ပေးစဉ်က
မိုးသွင်သွင်ရွာ ဆောင်းအေးပါလည်း
ဝတ်မှာမပြတ် ပညာတတ်စေ
မခက်ဝမ်းစာ ရှိစေငှာမူ
မေတ္တာရှေ့ထား တတ်အားသရွေ့
ကျောင်းနေစေ့သည်………

လုပ်ငန်းခွင်သွား သမီးသားတို့
ဝတ်စားမပူ အေးအေးလူအောင်
ထမင်းဖြူဟင်း တည်ခင်းကျွေးကာ
ချိုင့်ပါထည့်ပေး 
ကျန်းမာရေးကို စိတ်အေးဖို့ရန်
သူစွမ်းသန်သလောက်
ကြင်နာထောက်ထား သနားငှဲ့ညှာ
ချစ်ခင်ရှာပေ မွေးမေမေ

သားအချစ် မြေးအနှစ်ရယ်လို့ 
သူဆိုတယ်လေး ဖွားရဲ့လူလေး
ဇရာအိုဟောင်း အရေးကြောင်းတို့
ထင်းကောင်းပေမယ့် မပြောင်းလဲပေ
အနန္တမေတ္တာ ကောင်းကင်ပမာ ဖြန့်ကျက်ကာခြုံ
ပင်လယ်ရေကုန်ခမ်းလည် မေ့မေတ္တာ လန်းဆန်းမြဲမို့
ရှိခိုးဦးချ ကန်တော့ပါရစေ
မွေးမေမေ

No comments:

Post a Comment