Saturday, May 19, 2018
ငါ့ငွေတွေ ဘယ်ကိုအငွေ့ပျံသွားလဲ
တိုးတက်လာသော မြန်မာနိုင်ငံနှင့် နိုင်ငံသားများ။
အခုလက်ရှိ လဝန်းညိုတို့ နေထိုင်နေသော အမိမြန်မာပြည်ကြီးသည် အစဉ်အဆက် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်မှာ ရှစ်နှစ်စွန်းစွန်း အချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ယခင်လွန်ခဲ့သော ကိုးနှစ် ဆယ်နှစ်ခန့်က အချိန် အနေအထားနှင့် ယခု လက်ရှိ မြန်မာရွှေပြည်၏ အနေအထားကို နှိုင်းယှဉ်ကြည့် ပါကလဲ ယခင်အချိန်တွေနှင့် လားလားမျှ မတူညီ ကွဲလွဲနေကြောင်းကိုလဲ မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လဲ လူတွေက ဆင်းရဲဒဏ်ကို ခံနိုင်တယ်၊ ချမ်းသာကြွယ်ဝမှု ဒဏ်ကို မခံနိုင်ဘူး ဆိုတဲ့ ရှေးဆိုရိုး အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ တိုးတက်မှု ဒဏ်ကို ခံနိုင်ရဲ့လား လို့မေခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အကြောင်းကတော့ ယခုချိန် လဝန်းညိုတို့ရဲ့ ဘေးပတ်ဝန်းကျင် မိတ်ဆွေ သူငယ်ချင်း အလယ်အလတ်တန်း မိသားစု တော်တော်များများ ပုံမှန် အလုပ်အကိုင်တွေ ရှိပါလျက်နဲ့ ငွေကြေးအကျပ်အတည်း ဒုက္ခတွေနဲ့ ရင်ဆိုင် နေရခြင်းကြောင့် ဖြစ်ပါတယ်။ လဝန်းညိုရဲ့ အမြင်ကတော့ ထိုသူအားလုံးနီးပါး (လူတချို့မှလွဲ၍) ယခင် ကိုးနှစ် ဆယ်နှစ်ခန့် အချိန်ကတည်းက သင့်တင့် လုံလောက်တဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်ကောင်းကောင်း ကိုပိုင်ဆိုင် လုပ်ကိုင်နေကြသော မရှိမရှား အလယ်အလတ်တန်း မိသားစုများ ဖြစ်ပါတယ်။ ၄င်းတို့အားလုံးဟာ ယခင် အချိန်တွေကတည်းက ဒီအလုပ်ပဲလုပ်ပြီး ဒီဝင်ငွေနဲ့ပဲ ရပ်တည်လာခဲ့ကြတာ လဝန်းညို တစ်သက်ပဲ လို့တောင် ပြောလို့ ရပါတယ်။ လဝန်းညိုတို့ ရွှေနိုင်ငံကြီး တိုးတက်လာချိန်မှာ အားကျမခံ လိုက်တက်လာတဲ့ ကုန်ဈေးနှုန်း အလိုက်လဲ သူတို့ရဲ့ ဝင်ငွေပမာဏကလည်း လိုက်တက်လာတာ ဖြစ်တဲ့ အတွက် ကုန်ဈေးနှုန်းကိုတော့ ရမယ်ရှာလို့ မရနိုင်ကောင်းဘူး ထင်ပါတယ်။ ဒါဆို အဲ့ဒီအဖြစ်အပျက်တွေရဲ့ အဖြေက ဘာဖြစ်နိုင်လဲ စဉ်းစားကြည့်ရအောင်။
လဝန်းညို ဥာဏ်မှီသလောက် ပြောရမယ်ဆိုရင်တော့ တိုးတက်လာတဲ့ နည်းပညာ ပစ္စည်းအသစ် အသစ် တွေနဲ့ လူတွေမှာ ရှိတဲ့ လောဘ သဟဇာတ မဖြစ်သေးတာ လို့ပဲ မြင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ရွှေနိုင်ငံကြီး စပြီး တိုးတက်မှုလမ်းကြောင်းပေါ် ရောက်တဲ့အချိန် ၂၀၁၀ မှာ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံသူ နိုင်ငံသားများ ကောင်းစားရေးအတွက် ယခင်အစိုးရ ပိတ်ပင်ထားတဲ့ ကုန်သွယ်မှု စီးပွားရေးလမ်းကြောင်းတွေ၊ အလုပ်အကိုင် အခွင့်လမ်းတွေ အများကြီး ကိုခွင့်ပြုပေးခဲ့ ပါတယ်။ ၄င်းအခွင့်လမ်းနှင့် အညီလဲ မြန်မာပြည်သားတွေ စားဝတ်နေရေးအတွက် ငွေရှာရာမှာ ယခင်ကထက် အများကြီး ပိုမိုချောမွေ့ လွယ်ကူသွားခဲ့ပါတယ်။ ထို့အတူ နိုင်ငံတကာက ဝင်ရောက်လာတဲ့ အလုပ်အကိုင် အခွင့်လမ်းများ၊ ရင်းနှီးမြုပ်နှံလိုသူများ၊ နည်းပညာနှင့် နည်းပညာပစ္စည်းအသစ်များ စတဲ့ တိုးတက်တဲ့နိုင်ငံ တွေမှာ ရှိသင့်ရှိအပ်တဲ့ အရာများစွာ ပြည်တွင်းသို့ တရားဝင်ရော တရားမဝင်ရော နည်းလမ်းပေါင်းစုံနဲ့ အင်တိုက်အားတိုက် ဝင်ရောက်လာပါတယ်။ ထိုဝင်ရောက်လာသော နည်းပညာအသစ်တွေ ခေတ်မှီပစ္စည်း အသစ်တွေဟာ မြန်မာနိုင်ငံသား အများစုအတွက် အသစ်အဆန်း ဖြစ်နေကြပြီး ထိုအရာများထဲမှာ ကောင်းသော အရာပါဝင်သလို ဆိုးကျိုးပေးသော အရာများလဲ တစ်ချို့တစ်လေ ပါဝင်လာခဲ့ပါတယ်။ ဥပမာ ယခင် စစ်အစိုးရ လက်ထက်က လက်ကိုင်ဖုန်း နံပါတ်တစ်လုံးကို သိန်း ၂၀ ကနေ ၃၀ ကြားဈေးပေါက်နေရာမှ မြန်မာပြည်ရဲ့ ရွှေခေတ် အစပိုင်းကာလမှာ ကျပ်ငွေ ငါးသိန်းဖြင့်သာ ဝယ်ယူရရှိနိုင်တာမျိုး။ ယခင် သိန်းထောင်ချီပြီး ပေးရတဲ့ Toyota Mark II ကားတစ်စင်းကို ယခု ကားဟောင်းများ သိမ်းပြီး အသစ်တင်သွင်းခွင့်တွေ ပေးလိုက်တော့ သိန်းသုံးရာ စွန်းစွန်းဖြင့် ဝယ်နိုင်တာမျိုး၊ ယခင်စစ်အစိုးရခေတ် မြန်မာနိုင်ငံသားများ ပြည်ပကို ထွက်ခွာဖို့ တော်တော် ခက်ခဲခဲ့ပေမယ့် (သာမှန်ပြည်သူ၊ပြည်သား များကိုဆိုလိုသည်။ ခရိုနီမပါ) ယခုအချိန်တွင်တော့ ဘယ်နိုင်ငံ ဖြစ်ဖြစ် သံရုံးသွား ဗီဇာလျောက် ပြီးရင် သွားလို့ရပြီ ဆိုသလောက်ထိ လွယ်ကူလျှင်မြန် သွားတာမျိုး စတဲ့ အခြားအခြားသော ကောင်းကျိုးများစွာ ကိုလဲ ခံစားခဲ့ရတာ စာဖတ်ပရိသတ်ကြီးလဲ ကိုယ်တွေ့ ဖြစ်မှာပါ။
သို့ပေမယ့် အခြားတစ်ဖက်မှ ကြည့်ချိန်မှာတော့ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ပစ္စည်းအသစ်အဆန်း တွေနောက်ကွယ်က ၄င်းရဲ့ အသုံးစရိတ် ဆိုတဲ့ ကြောက်စရာ ငွေယိုပေါက်ကြီး တစ်ခုကိုတော့ ထိုစဉ်အခါက မြင်မိသူ သိပ်ရှားပါတယ်။ လဝန်းညို ကိုယ်တိုင်လဲ မမြင်ခဲ့မိဘူး ဆိုတာကိုတော့ ဝန်ခံပါရစေ။ အနီးစပ်ဆုံး ဥပမာ ပေးရရင် စာဖတ်သူ အခုလက်ထဲမှာ ကိုင်ထားတဲ့ လက်တစ်ဝါးစာ ဖုန်းသို့မဟုတ် စာအုပ်တစ်အုပ်စာ တက်ဘလက် များမြန်မာပြည် ဈေးကွက်ထဲ စတင်ဝင်ရောက်လာတာ ၂၀၁၀ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ယခင် စစ်အစိုးရလက်ထက်က အင်တာနက်တွေ သုံးကြမှာ စိုးလို့ တကယ်ခေတ်မှီပြီး အစုံသုံးလို့ရတဲ့ ဟန်းဆက်တွေ မကိုင်စေချင်လို့ ဖုန်းပြောရန် အတွက်သာ ခွင့်ပြုထားခဲ့ကြပါတယ်။ ထို့ကြောင့် ဝယ်ပြီးရင်လဲ သုံးမရတော့ ဘာမှ မထူးဘူး ဆိုပြီး ထိုအချိန်က ဟန်းဖုန်း ကိုင်နိုင်သူ အားလုံးကလဲ Keypad ဖုန်းကမြောက်ကချောက် လောက်နဲ့ ကျေနပ်တင်းတိမ် ခဲ့ရတာပေါ့။ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အချိန်မှာ ဖုန်းတွေကို တဖြည်းဖြည်းနဲ့ နံပါတ်တစ်ခုကို ကျပ်ငွေ ၁၅၀၀ ထဲနဲ့ ဝယ်နိုင်အောင် ဈေးတွေလျှော့ပေးလိုက်ချိန်မှာတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပျော်လိုက် ဝမ်းသာလိုက်ကြတာ ပြောမနေနဲ့။ ယခင် နှစ်သိန်း၊ ငါးသိန်း ခေတ်က ဖုန်းဝယ်ထားမိတဲ့ သူတွေက လွဲလို့ ပေါ့နော်။ ထိုသူများကလဲ(ဈေးကြီးစဉ် ဖုန်းဝယ်ထားမိသူများ) ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး မြန်မာလူမျိုး တို့ရဲ့ ထုံးစံအတိုင်း ကြာကြာမခံပါဘူး ၁၅၀၀ တန်ဆင်း(မ်)ကဒ် တစ်ကဒ်ထပ်ဝယ်ပြီး ဆင်း(မ်) နှစ်ကဒ်ထိုးလို့ရတဲ့ ဟန်းဆက်တွေ ပြောင်းကိုင်ကြကုန်ရော။ ဒါကြောင့် မြန်မာနိုင်ငံ မှာရှိတဲ့ Smart Phone ဈေးကွက်ဟာ တရုတ်ပြီးရင် အာရှမှာ အကြီးဆုံးပဲ ဆိုတဲ့ စီးပွားရေးဆိုင်ရာ စစ်တမ်းတွေ ထွက်လာတာလဲ သိပ်တော့မဆန်းပါဘူး။
ခုဆို အိမ်တစ်အိမ်မှာ ရှိတဲ့မိသားစုဝင် အားလုံးနီးပါး ဖုန်းကိုယ်စီနဲ့ကို ဖြစ်ကုန်တော့တာ။ ဒါကို လဝန်းညိုတို့ မြန်မာနိုင်ငံမှာ လာပြီး ရင်နှီးမြုပ်နှံထားတဲ့ ဖုန်းအော်ပရေတာ တွေကတော့ အကြိုက်ပေါ့။ သူတို့တွေက ဖုန်းပြောခ အင်တာနက်သုံးခ ကိုတောင် အပြိုင်အဆိုင် လျှော့ပေး လိုက်ကြသေးတယ်။ နောက်ပြီး ဘာပက်ကေ့ခ်ျ ညာပက်ကေ့ခ်ျနဲ့ ပက်ကေ့ခ်ျပေါင်း သောင်းခြောက်ထောင် ကိုလဲ အဆက်မပြတ် ထုတ်နေလိုက်ကြတာများ ပြီးကိုမပြီးနိုင်ဘူး။ အဲ့ဒါတွေ အားလုံးအပေါ် လဝန်းညို မြင်တဲ့ အမြင်ကတော့ ဈေးလျှော့ပေးတာနဲ့ ပုံမှန်ထက် ဈေးသက်သာတဲ့ ပက်ကေ့ခ်ျ ဆိုတာကြီးတွေဟာ သုံးစွဲသူကို ချူဆီထည့်နေတာ လို့ပဲမြင်မိပါတယ်။ သုံးစွဲသူက ဟာ….. ဟိုပက်ကေ့ခ်ျနဲ့သုံးတာ ဘယ်လောက် သက်သာတယ်။ ဒီအော်ပရေတာက ဟိုအော်ပရေတာထက် ဘယ်လောက်တောင် သက်သာတာ စတဲ့ စိတ်ကူးတွေနဲ့ စွတ်ဆက်သုံးတော့ သုံးစွဲသူဖက်က ပိုက်ပိုက်တွေ စွတ်ကုန် အော်ပရေတာတွေကတော့ ပိုက်ပိုက်တွေ တပြည်လုံး အတိုင်းအတာနဲ့ ရချင်တိုင်းရ ဖြစ်နေတော့တာပေါ့။
အဲ့ဒီ အချိန်မှာ ကိုယ်ပိုင် အသုံးစရိတ် စီမံခံ့ခွဲမှု ကိုသိပ်အလေးမထား (သို့) သိပ်အကျွမ်းတဝင် မရှိတဲ့ မြန်မာနိုင်ငံသား အခြေခံ လူတန်းစား နှင့် အလယ်အလတ်တန်းတွေ ဒုက္ခ အကျပ်အတည်းထဲ ရောက်ဖို့ အကြောင်းဖန် လာတယ် လို့ပဲ ပုံချရမယ်ထင်တယ်။ အကျွမ်းတဝင် မရှိတာလဲ အပြစ်တော့ မဟုတ်ဘူး ကျောင်းတွေမှာက သချာ`် ဆိုရင် ဖော်မြူလာနဲ့ ပေါင်းနှုတ်မြှောက်စား ပဲသင်ပေး လိုက်တာလေ။ စီမံခံ့ခွဲမှုနဲ့ ပက်သက်တာဆို ဘာမှကို သင်မပေးလိုက်တော့ တချို့ ဆယ်တန်းတောင်မအောင်တဲ့ သူဆို ပိုဆိုးပြီပေါ့။ (ဆယ်တန်းမအောင်ပဲ စီမံခံ့ခွဲခြင်း အတတ်ပညာကို ဘဝသင်ခန်းစာ များကနေ သင်ယူတတ်မြောက် ထားသူများ ကိုမဆိုလိုပါ)။ အဲ့ဒီတော့ ကိုယ်အလုပ် တစ်ခုကို စွဲစွဲမြဲမြဲ လုပ်နေတယ် လုံလောက်တဲ့ ဝင်ငွေစီးကြောင်း တစ်ခုရှိနေတယ် အဲ့ဒီအတွက် မပူမပင် နေလာခဲ့ရာမှ အခုနှစ်တွေ အတောတွင်း ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ ပြဿနာ ကိုရင်ဆိုင်ရပါတော့တယ်။ အဲ့ဒီအချိန်ရောက်တော့မှ ငါဘာတွေ ပိုပြီးသုံးမိပါလိမ့် ဆိုပြီး စာရင်းချကြည့် လိုက်တော့မှ ဖုန်းအသစ် ဝယ်တာ ဘယ်လောက်၊ မှန်မကွဲ ကပ်တာ ဘယ်၍၊ နားကျပ်လေး နဲ့ ဖုန်းကာဗာ လေးက ဘယ်မျှ၊ ဖုန်းဘေက ဘယ်လိုပမာဏ၊ နောက်ပြီး ပါဝါဘဏ့်(ခ်)၊ အားသွင်းကြိုး …. Blar…. Blar …. Blar…. စတဲ့ နည်းပညာ ပစ္စည်းအသစ်တွေ အပေါ်မှာ ကိုယ်သုံးလိုက်မိတဲ့ တချို့တချို့သော အပိုအသုံး စရိတ်များသွားခြင်းကြောင့် ဆိုတဲ့အဖြေကို နှမြောတသ ထိုင်ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေကလဲ ထုနဲ့ဒေး ရှိနေပါသေးတယ်။ နောက်ပြီး အခွန်တွေ ယခင်ကလောက် မဆောင်ရတော့ အလယ်အလတ်တန်း မိသားစုတွေ ကားလေးတစ်စီး ဝယ်ပြီး ဘယ်သွားသွား ယခင်ဆိုင်ကယ်အိုလေး အစား ကားတဝီဝီ လုပ်နေရာမှ ကားပြင်ဆင်စရိတ်၊ ကားဆီဖိုး၊ ကားအပိုပစ္စည်း သေးသေးသောသောတွေစရိတ်၊ ကိုယ်က ခုမှမောင်းတတ်တာ သိပ်မကြာသေးတော့ သူများကားနဲ့ လမ်းပေါ်မှာ ဟိုပွတ်ဒီချိတ် ဖြစ်လို့ လျော်လိုက်ရတဲ့ အပိုစရိတ်လေးတွေ အားလုံးကို စာအုပ်မှာ ရေးချလိုက်တော့မှ တစ်လတစ်လ ကုန်နေတဲ့ ကားဆီဖိုးက ယခင်အချိန် တစ်မိသားစုလုံးရဲ့ ၁၅ရက်၊ ရက်၂၀ စားစရိတ်နီးနီး ကျနေတာမျိုး။ ပြီးတော့ ကိုယ်က ရပ်ကွက်ထဲ ကားတဝီဝီ လုပ်နေပြီးမှ အရင်လို ဆိုင်ကယ်အိုလေး ပြန်စီးရမှာ ရှက်နေလို့ ကိုယ်နဲ့ သဘောထား မတူ အသုံးစရိတ် ချွေတာချင်တဲ့ အိမ်သူသက်ထားနဲ့ ကျိတ်ပြီးရန်ဖြစ်နေရတဲ့ မိသားစုတွေလဲ များစွာရှိနေပါတယ်။ နောက်ပြီး အဲကွန်း၊ ရေခဲသေတ္တာ၊ Wide Screen ဖလက် တီဗွီ၊ ဖုန်စုပ်စက် အိမ်သုံးကားရေဆေးစက် စတဲ့ အခြား အိမ်သုံးလျှပ်စစ် ပစ္စည်းမျိုးစုံကြောင့် ဆောင်ရမယ့် မီးဘေလ် အားလုံးကို ခြုံကြည့်လိုက်မယ် ဆိုရင် ဝင်ငွေ ပမာဏက လွန်ခဲ့သော ခြောက်နှစ်၊ ခုနှစ်နှစ် လောက်မှာ ကျန်ခဲ့ပေမယ့် အသုံးစရိတ်၊(ထွက်ငွေ) ကတော့ ပေါ်လာသော နည်းပညာ ပစ္စည်းအသစ် များခေတ်မှီစွာ သုံးစွဲခြင်းအားဖြင့် တရိပ်ရိပ် တက်လာတာကို လဝန်းညိုတို့ ရွှေမြန်မာတွေ သတိချပ်သင့်ပါတယ်။
နောက်ထပ် အရေးကြီးပြီး အမြဲမပြတ် စောင့်ကြည့်နေရမယ့် အရာကတော့ Hire Purchase လို့ခေါ်တဲ့ အရစ်ကျ ငွေချေစနစ်ပါ။ လဝန်းညိုတို့ မြန်မာတွေ နောက်ပြောင်ရင်းပြောလေ့ ရှိတဲ့ စကားအတိုင်း မြန်မာတွေ အကြွေးသာရမယ်ဆိုရင် ဆင်တောင်ဝယ်စီးပစ်မယ် ဆိုတဲ့ စကားအတိုင်း ကိုယ်တကယ် မလိုအပ်သေးတဲ့ ပစ္စည်းတစ်ခုကို သူများအကြွေး စနစ်ဖြင့် ရောင်းတိုင်း မဝယ်မိဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အလုပ်အကိုင် လူနေမှု ဘဝအတွက် အရေးတကြီး အရေးပေါ် လိုအပ်နေတယ် ဆိုလျှင်တော့ ပြဿနာမရှိပေမယ့် မလိုအပ်ပဲ အကြွေးစနစ် နဲ့ရလို့ ဟိုဟာဝယ်ဒီဟာဝယ် ဖြစ်ပြီး အရစ်ကျဝယ်ထားတာတွေ အတွက် တစ်လတစ်လ ကိုယ်ရမယ့် လုပ်အားခရဲ့ တစ်ဝက်လောက် နီးနီး ပေးရမယ်ဆိုရင် တစ်ယောက်ထဲ နေသူများအတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။ မိသားစုနဲ့ နေတဲ့သူဆိုရင်တောင် ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေအတွက် ငွေသွင်းနေရလို့ မိသားစု စားစရိတ်ထဲ မထောက်ပံ့နိုင်ဘူး ဆိုလျှင် အခြားသူများနဲ့ စကားများရ နိုင်ပါသေးတယ်။ တကယ်တမ်း အရစ်ကျ ငွေချေစနစ်နဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေ အလုပ်လုပ်ပုံက သုံးစွဲသူ ဝယ်ချင်တဲ့ ပစ္စည်းတစ်ခုခုကို သူတို့က ပိုက်ဆံကြိုစိုက်ထုတ်ပြီး ဝယ်ယူပေးထားလိုက်တယ်။ အဲ့ဒီ ကြိုစိုက်ထားတဲ့ ပိုက်ဆံအတွက် အတိုးနှုန်းကိုလဲ ငွေပေးချေမယ့် အချိန်ကာလနဲ့ မြှောက်ပြီး ထည့်ပေါင်းထားတာ ဖြစ်တဲ့အတွက် သုံးစွဲသူက အကြွေးကို အချိန်ကြာကြာ ဆွဲပြီးဆပ်လေလေ သူတို့က ကြိုက်လေလေပေါ့။ သုံးစွဲသူက ၅၀၀၀၀၀ တန်ပစ္စည်းကို ၆လ အရစ်ကျ ပေးချေမယ် ဆိုရင် ၆လစာ အတိုးနှုန်းပဲ ရမယ် ဒါပေမယ့် ၁၂ လပေးချေမယ် ဆိုရင်တော့ သုံးစွဲသူဖက်က လစဉ်သွင်းရတဲ့ ငွေပမာဏတော့ လျော့သွားတယ် ထင်ရပေမယ့် တကယ်တွက်ကြည့်ရင် ၅၀၀၀၀၀ ကို ၁၂လစာ အတိုးထည့်ပေါင်းထားပြီး ဖြစ်တဲ့အတွက် အတိုးက အရင် ၆လထက် နှစ်ဆပိုများသွားမှာပါ။ ဒါ့အပြင် ထပ်ပြီး ပထမ အရစ် ၂၀% သွင်းရမယ်တို့ တချို့ဆို ၃၀% သွင်းရမယ်တို့ ဆိုရင် သုံးစွဲသူဖက်က ပိုပြီး နစ်နာပါတယ်။ ယူထားတဲ့ အတိုးနှုန်းဆိုတာ အပြင်မှာ ငွေတိုးချေးပေးတဲ့သူတွေ ယူတဲ့အတိုးနှုန်းထက် နည်းတယ် လို့ထင်ရပေမယ့် သေချာတွက်ကြည့်ရင် တကယ်များပါတယ်။ အမှန်က ရပ်ကွက်ထဲမှာရှိတဲ့ ငွေတိုးချေးသူထံမှ ပိုက်ဆံချေးယူ လိုက်ရင် လစဉ်ကိုယ် ပြန်ဆပ်ရင် ဆပ်သလောက် အရင်းက လျော့သွားတဲ့အတွက် အတိုးနှုန်းကလဲ လျော့သွားမှာပါပဲ။ ဒါပေမယ့် အရစ်ကျ စနစ်မှာတော့ သူကကိုယ်ပြန်ဆပ်မယ့် ကြာချိန် အားလုံးအတွက် အတိုးထည့်ပေါင်းပြီးသား ဖြစ်လို့ သူသတ်မှတ်ထားတဲ့ အတိုးနှုန်းက နည်းပေမယ့် ရပ်ကွက်ထဲက ငွေတိုးချေးသူတွေထက် အတိုးငွေပမာဏ ပိုများသွားရခြင်းဖြစ်ပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်အလက်တွေကြောင့် လဝန်းညိုတို့ မြန်မာနိုင်ငံသားတွေ အရစ်ကျပေးချေ စနစ်ဖြင့် ပစ္စည်းဝယ်ယူခြင်းကိုလဲ သတိထား ရှောင်ကျဉ်သင့်ပါတယ်။
ယခုလဝန်းညို ပြောပြနေတဲ့ အရာအားလုံးဟာ မြန်မာနိုင်ငံတော်ကြီး ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲ လာခြင်းရဲ့ နောက်ကွယ်က လူတော်တော်များများ သတိမထားမိတဲ့ ငွေယိုပေါက်တွေ ဖြစ်ပါတယ်။ ထို့အတူ အသစ်အသစ်တွေ အမြဲပေါ်နေတဲ့ ခေတ်မှီ စက်ကရိယာ အသုံးအဆောင်များကိုလဲ ကိုယ်အမှန် တကယ်လို၏ မလို၏ မှန်ကန်စွာ တွေးခေါ်ပြီး ဆုံးဖြတ်နိုင်ကြပါစေ။ တိုင်းပြည်ကြီးတိုးတက်သလို လူတိုင်း လူတိုင်းရဲ့ ဝင်ငွေတွေလဲ တိုးတက်လာပါစေလို့ လဝန်းညိုက ဆုတောင်းပေးလိုက်ပါတယ်နော်။
စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)
Labels:
ဟိုဟိုဒီဒီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment