Monday, May 14, 2018

အပူဒဏ် ဘယ်လိုကာကွယ်မလဲ


အပူဒဏ်ကို ဘယ်လို ကာကွယ်မလဲ

အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး အတွက် ခုလိုရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်မှာ အပူဒဏ်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ အကြောင်းလေးတွေကို ဗဟုသုတ ရစေရန်အတွက် ဖော်ပြလိုက်ရ ပါတယ်နော်။

အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ


၁. ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ အနေဖြင့် နေ့လည် နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားပါ။

၂. ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။

၃. ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ် လုံလောက်စွာ ရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရ အေးမြသည့် နေရာများတွင် ခေတ္တ အနားယူခြင်း ကိုလည်း မကြာခဏ ပြုလုပ်ပါ။

၎. အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင် ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

၅. နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များတွင် အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

၆. အရက်သေစာ သောက်သုံးခြင်းကြောင့် အပူဒဏ် အန္တရာယ်ကို ပိုမိုခံစားရစေပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇. ခန္ဓာကိုယ် အတွင်း ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈. မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်း တို့ကို ပြုလုပ်ပါ။

အပူဒဏ် အန္တရာယ် ခံစားရသော လူနာအား တွေ့ရှိပါက အောက်ပါအတိုင်း အရေးပေါ် ပြုစုပါ။


၁. လူနာအား အရိပ်ရ အေးမြသော နေရာ (သို့) လေပန်ကာ ရှိသောနေရာ (သို့) လေအေးပေးစက် ရှိသော အခန်းသို့ ရွှေ့ပြောင်းပါ။

၂. လူနာအား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့် နေရာသို့ ပို့ဆောင်ပါ (သို့) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။ ဆေးရုံ၊ ဆေးခန်းသို့ ပိုဆောင်နေစဉ် (သို့) ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် ပြသရန် စောင့်ဆိုင်းနေစဉ် အောက်ပါ အချက်များအား ဆောင်ရွက်ပါ။

၃. လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

၎. လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

၅. လူနာကောင်းစွာ သတိရနေပါက ရေအေးအေး တိုက်ပေးပါ။

၆. လူနာ၏ ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။

၇. လူနာ၏ လည်ပင်း၊ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက် တို့အား ရေအေးအေး (သို့) ရေခဲရေ စိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။

၈. လေပန်ကာ ရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)
Ref: ကျန်းမာရေး ဆိုင်ရာ စံပြု အချက်အလက်များ မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment