ကျွန်ုပ် အပါအ၀င်
လူတော်တော်များများသည် လမ်းဖြောင့်ကိုသာလျှောက်ချင်ကြသည်။ သက်တောင့်သက်သာဖြစ်မည့် ပတ်ဝန်းကျင်
comfort zone တွင်သာအမြဲတစေ နေလိုကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုပတ်ဝန်းကျင်မှာ ကျွန်ုပ်တို့
စိတ်ဖိစီးမှုကင်း၍ လုံခြုံသည်ဟု ခံစားရသောကြောင့် ပါပဲ။ ကျွန်ုပ်တို့ အားစိုက်ထုတ်စရာမလို၊
ဦးနှောက်သုံးစရာမလို၊ ရေလိုက်ငါးလိုက် မျှောနေလို့ရသော ထိုနေရာတွင် ရေရှည်နေချင်ကြသည်။
ဥပမာ- အနှစ် ၂၀ လောက် လုပ်လာခဲ့သော
အလုပ်မှ မပြောင်းလိုခြင်း
ကိုယ်နေခဲ့သော နေရာမှ မပြောင်းလိုခြင်း
ပတ်ဝန်းကျင်အသစ်တခုတွင် အခြေမချလိုခြင်း
စီးပွားရေးအသစ်တခုစလုပ်ရန်ဝန်လေးခြင်း
အဆင်မပြေသော အိမ်ထောင်ရေး သို့မဟုတ်
relationship တစ်ခုကိုအဆုံးသတ်ရန် မ၀ံ့ရဲခြင်း
ထိုကိစ္စများသည်
ကျွန်ုပ်တို့၏ လက်ရှိအခြေအနေကို ဂယက်ထစေသည့် ပြောင်းလဲမှုများဖြစ်တယ်။ ထိုအခြေအနေမျိုးတွင်
ကျွန်ုပ်တို့ ရုန်းကန်ရန် စွမ်းအားများလိုတယ်။လူတော်တော်များများက မိမိတွင်ရှိသော စွမ်းအားများကိုလျှော့တွက်လွန်းကြသည်။
မဖြစ်မနေ အခြေအနေမျိုးမှာမှ ထိုစွမ်းအားများကို အသုံးပြုကြသည်။ ထို့ကြောင့်လည်း တတ်နိုင်သရွေ့
ပတ်ဝန်းကျင်အသစ်သို့ မသွားလိုခြင်း၊ မရုန်းကန်လိုခြင်းဖြစ်တယ်။
ထို့ကြောင့်
ကြာလေလေ နွားခြေရာခွက်ထဲက ဖားသူငယ်နှင့် တူလေလေ ဖြစ်နေတယ်။ နွားခြေရာခွက်ကို ကမ္ဘာထင်ပြီး
လုံခြုံစိတ်ချ ကျေနပ်နေခြင်းဖြစ်တယ်။ အပြင်ဘက် ကမ္ဘာကို ထွက်မကြည့်ခြင်းက ကြီးမားသော
ဆုံးရှုံးမှု ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ကိုယ့်အစွမ်းအစကိုကိုယ် ထုတ်မသုံးသည့်အတွက် မိမိစွမ်းအားကိုမိမိ
ဖြုန်းတီးနေတာနဲ့တူတယ်။
ကျွန်ုပ်တို့သည်
ပြောင်းလဲခြင်းကို မကြိုက်ကြ၊ ပြောင်းလဲခြင်းရဲ့ဒဏ်ကို မခံလိုပေ။ ပြောင်းလဲခြင်းတိုင်းမှာတော့
ရုန်းကန်ရခြင်းဆိုတဲ့ အားစိုက်မှုလိုသည်။ ထိုအားစိုက်မှုကသာလျှင် ကျွန်ုပ်တို့၏ ဘ၀တစ်ဆစ်ချိုးကို
ပြောင်းလဲပေးနိုင်မှာဖြစ်သည်။
ဘ၀တစ်ဆစ်ချိုးဆိုတာ
ကျွန်ုပ်တို့ ဘ၀ကို အသစ်က ပြန်စရေးရသလိုပါပဲ။ လူတိုင်း ဘ၀အစမှာ ရုန်းကန်ခဲ့ရတာချည်းပဲ။
ကျွန်ုပ်တို့ကို မွေးဖွားကတည်းက မိခင်၏ ဗိုက်ထဲက ထွက်တာကစလို့ ရုန်းကန်ခဲ့ရတာပါပဲ။
အဲ့တော့ ရုန်းကန်ခြင်းဆိုတာ သက်ရှိတိုင်းအတွက် လိုအပ်ချက်လို့တောင် ပြောနိုင်တယ်။ ဒါဆို
ဘာလို့ ရုန်းကန်ဖို့ကို တွေးကြောက်နေမှာလဲ။
တကယ်တော့ အပြောင်းအလဲဆိုတာ
ကျွန်ုပ်တို့အတွက် အခွင့်အရေးတွေ သယ်ဆောင်လာခြင်းလည်း ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့အတွက်
ကြီးမားသော ဆုံးရှူံးမှုဖြစ်စေကာမူ ခြေလှမ်းအသစ် စလှမ်းရန် အခွင့်ရေး တစ်ရပ်ပါပဲ။
ဥပမာ အိမ်မီးလောင်သွားတဲ့အခါ
ကျွန်ုပ်တို့ သောကဖြစ်မယ်၊ ပူဆွေးမယ်၊ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေ ကတော့ အသစ်ကပြန်စဖို့
အခွင့်အရေးလို့တောင် ယူဆတတ် ကြပါတယ်။ ဒီတော့ အရေးကြီးတာက ဆုံးရှုံးမှုတွေ ကြုံလာရတိုင်းမှာ
ကိုယ့်ကိုယ်ကို မရှုံးသွားဖို့လိုတယ်။
ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတစ်ယောက်
ဆုံးရှုံးသွားတဲ့အခါ ကျွန်ုပ်တို့ ၀မ်းနည်းမယ်၊ ငိုကြွေးမယ်၊ မျှော်လင့်ချက်မဲ့သွားသလို
ခံစားရမယ်။ ဒါပေမယ့် နားလည်ထားရမှာက ထိုသို့ဖြစ်သွားသည့်တိုင်အောင် မှန်ကန်သောနည်းလမ်းနဲ့
ဆက်လက်ရှင်သန်သွားရဦးမယ် ဆိုတာပါပဲ။
အနှစ် ၂၀ လောက်လုပ်လာခဲ့သော
ကုမ္ပဏီက ဒေ၀ါလီခံတော့ အလုပ်ထွက်လိုက်ရတယ်။ ကိုယ့်အသက်ရဲ့ ထက်ဝက်နီးပါးလောက် အဲ့မှာပဲ
အချိန်ကုန်ခဲ့တယ်။ တခြားဘာမှလည်းမလုပ်တတ်တော့၊ အသက်အရွယ်အားဖြင့်လည်းကြီးလာပြီ၊ တခြားကိုယ့်ထက်အသက်ငယ်တဲ့သူတွေက
ကိုယ့်ထက်ပိုတတ်နေတာတွေ၊ နည်းပညာပိုင်းမှာ ယှဉ်လို့မရနိုင်တော့တာတွေ စသည်ဖြင့် ကြုံလာတဲ့အခါ
ကျွန်ုပ်တို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရဦးမှာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာခြင်းက
ကိုယ်ပိုင်စီးပွားရေး စတင်ဖို့ အခွင့်အရေး ဖန်တီးလာတာရော မဖြစ်နိုင်ဘူးလား။ သို့သော်
ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေဖို့ ကျွန်ုပ်တို့ ရုန်းကန်ရမယ်၊ အားထုတ်ရမယ်၊ စိတ်ပင်ပန်းမှုဒဏ်ရော
လူပင်ပန်းမှုဒဏ်ပါ ခံနိုင်ရပါမယ်။ အသစ်တွေကို လေ့လာရမယ်။ ကိုယ်လုပ်နေကြ မဟုတ်တော့တဲ့အရာတွေကို
လုပ်ကိုင်ရမယ်။ အခန့်မသင့်ရင် ကျဆုံးမှုလည်း ထပ်ကြုံနိုင်သေးတာပါပဲ။ ဒါပေမယ့် အဲ့လိုကျဆုံးတိုင်း
ကျွန်ုပ်တို့ စိတ်ပျက် အားငယ်နေဖို့ မလိုပါဘူး။ နည်းလမ်းမှန်ရဲ့လား၊ အစီစဉ်ကောင်းရဲ့လား
ဆိုတာ သေချာပြန်ဆန်းစစ်ရပါမယ်။ တစ်ကြိမ် နှစ်ကြိမ် ရှုံးပြီးတိုင်း ဘ၀မှာ အကြိမ်ကြိမ်
ရှုံးနေလိမ့်မယ်လို့လည်း ယုံကြည်ချက်ပျောက်ဆုံးနေလို့ မဖြစ်သေးပါဘူး။ ရှေ့က ရှုံးနိမ့်မှုတွေကို
သင်ခန်းစာယူရင်း အမှားပြင်ဆင်ရင်း ပိုမိုကောင်းမွန်တဲ့ အစီစဉ်တွေနဲ့ ရှေ့ဆက်ကြရမှာ
လူ့ဘ၀ပါပဲ။ မိမိရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို ပြန်သုံးသပ်ရင်း ပြင်ဆင်ရင်းနဲ့
ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်ထားပါ။
ဘ၀မှာ အချိုးအကွေ့တွေနဲ့
တွေ့ကြုံတိုင်း စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုအပ်ပါတယ်။ ထိုကြံ့ခိုင်ခြင်းကသာလျှင် ကျွန်ုပ်တို့
လဲမကျသွားအောင် ထောက်မပေးထားမှာပါ။ ငါတော့ မရတော့ပါဘူး မဖြစ်နိုင်တော့ပါဘူးဟု လက်လျှော့လိုက်တဲ့
တစ်နေ့ဟာ ကိုယ့်ဘာသာ ကျရှုံးတဲ့ နေ့ပါပဲ။ လူတွေဟာ တစ်ရာ ရာခိုင်နှုန်း ပြီးပြည့်စုံနေကြတယ်လို့
မရှိပါဘူး။ စိတ်အားငယ်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း၊ ပျင်းရိခြင်း၊ လူတောမတိုးခြင်း
စတဲ့ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ မိမိ အားနည်းချက်ကို သိအောင်ကြိုးစားပြီး ပြုပြင်ရင်းနဲ့ပဲ
စိတ်ဓာတ် ကြံ့ခိုင်တဲ့သူ ဖြစ်လာမှာပါ။
ဘ၀တစ်ဆစ်ချိုးဆိုတာ
ကျွန်ုပ်တို့အတွက် ဒဏ်ရာဒဏ်ချက်တွေနဲ့ ရင့်ကျက်မှုတွေဆီကိုသွားဖို့ လှေကား တစ် ထစ်ပါပဲ။
လှေကားကိုတက်ဖို့ ခွန်အားကိုသုံးရတယ်။ ရေဆန်ကိုလှော်တက်ဖို့ အားစိုက်ရတယ်။ ငှက်ကလေးတွေ
အကောင်ပေါက်ဖို့ အခွံမာကို အားနဲ့ရုန်းထွက်ရတယ်။ လိပ်ပြာဖြစ်လာဖို့ ပိုးကောင်ဟာ ပိုးအိမ်ကို
အားနဲ့ဖောက်ထွက်ရတယ်။ ထို့အတူ မိတ်ဆွေတို့လည်း ဘ၀ တစ်ဆစ်ချိုးမှာ ခွန်အားအပြည့်နဲ့
ပြောင်းလဲနိုင်ကြပါစေ၊
မေတ္တာဖြင့်
အသုပ်စုံ (စာဂျပိုး)
No comments:
Post a Comment