ဒီတစ်ခါမှာတော့ လဝန်းညိုရဲ့ စာဖတ်ပရိတ်သတ်ကြီး
အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ် တစ်ခုနဲ့ ဗဟုသုတ ရစေရန်အတွက် နဲ့ နိုင်ငံရပ်ခြား
သို့ထွက်ပြီး အလုပ်လုပ်ရန် ကြိုးစားနေကြတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမများ
အတွက် ရည်ရွယ်ပြီး ဒီ Post ကိုတင်ပေးလိုက်ပါတယ် ခင်ဗျာ။
ဟုတ်ကဲ့ လဝန်းညိုတို့ မြန်မာနိုင်ငံသား တွေထဲက
အရွယ်ရောက် ပြီးသူ တော်တော်များများဟာ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်
ချင်ကြပြီး ထိုသိုသွား၍ အလုပ်လုပ်ခြင်းအားဖြင့်လည်း လုပ်အားခ ကြေးငွေ အမြောက်အများ
ရရှိလိမ့်မည်ဟု အများအားဖြင့် တရားသေယူဆ ထားကြပါတယ်။ သို့ပေမယ့်လည်း တကယ်တမ်း တိုင်းပြည်ရပ်ခြားသို့
ရောက်ရှိပြီး ကိုယ်အလုပ်လုပ်ကိုင်ရမယ့် တိုင်းပြည် သို့မဟုတ် စက်ရုံသို့ ရောက်ရှိချိန်မှာတော့
ကိုယ်မျှော်လင့် ထားတယ့် လစာငွေ သို့ဝင်ငွေက တစ်မျိုး ကိုယ်တကယ် ရတယ့် လုပ်အားခ ဝင်ငွေက
တစ်မျိုး အကွာကြီးကွာပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ
ထိုးကျသွားရတယ့် အဖြစ်မျိုးကို ကြုံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေလည်း ထုနဲ့ဒေး
ရှိနေတယ် ဆိုတာတော့ ငြင်းလို့မရနိုင်တယ့် အမှန်တရား တစ်ခုပါ။
အဲ့ဒီလို အဖြစ်တွေ အဖြစ်များတဲ့ နိုင်ငံတွေကတော့
မြန်မာနိုင်ငံနဲ့ အနီးဆုံး နယ်စပ်ခြင်းထိတွေ့ နေတဲ့ ထိုင်းနိုင်ငံ ပြီးနောက် မြန်မာအလုပ်သမားတွေ
တရားဝင် အများဆုံးသွားရောက်နေတယ့် မလေးရှား ပြီးနောက် အဲ့ဒီထက် တစ်ဆင့်မြင့်တဲ့ စလုံးခေါ်
စင်ကာပူ နိုင်ငံ စတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
အိုကေ ဒါဆို သူများတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင်းနဲ့
ပိုက်ဆံ တစ်လ ဆယ်သိန်းသိန်းနှစ်ဆယ် စုမိနေတယ်ဆိုတယ့် လူတွေ တကယ်မရှိဘူးလားလို့ မေးစရာရှိပါတယ်။ အဲ့ဒီမေးခွန်းအတွက်
တကယ် မှန်ကန်တယ့် အဖြေကတော့ ဟုတ်ကဲ့ရှိပါတယ်။ ဆယ်သိန်းသိန်းနှစ်ဆယ် မဟုတ်ပါဘူး သိန်း
သုံးလေးငါးဆယ် လခ ရနေတယ် မြန်မာတွေလည်း ထုနဲ့ဒေးပါ ဒါပေမယ့် သူတို့ အဲ့လောက်ဝင်ငွေ
ရနေရခြင်းရဲ့ ကြောင်းရင်းခံ ကတော့ သူတို့တွေက Professionalize ကျွမ်းကျင် ပညာရပ် တစ်ခုနဲ့
သွားရောက် အလုပ်လုပ်ကိုင် နေကြလို့ပဲ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ကတော့ အင်ဂျင်နီယာ များ
M.B.,B.S ဆရာဝန်များ၊ သို့မဟုတ် I . T ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာရှင်များ စတယ့်
သူတို့ရဲ့ ရရှိထားတယ့် ဘွဲ့လက်မှတ်များစွာနဲ့ အမှန်တစ်ကယ် တတ်ကျွမ်းတယ့် ပညာများနဲ့
သွားရောက် အလုပ်လုပ် နေရင်တော့ တစ်ကယ်ကို မြန်မာနိုင်ငံ ထဲမှာ ဘယ်လိုမှ စိတ်ကူးတောင်
မယဉ်ခဲ့ဖူးတယ့် လစာပမာဏကို ရရှိမှာပဲ ဖြစ်ပါတယ်။ သို့သော် မိမိမှာ ဘာပညာ အရည်အချင်းမှ
မရှိတယ့် အပြင် English Speaking လေးကိုတောင် သုံးလုံးကွဲအောင် မပြောတတ် ရင်တော့ နိုင်ငံခြားသွား
အလု့ပ်လုပ်ပြီး ရရှိမယ့် လုပ်အားခကတော့ မစုတတ်ရင် အိမ်ပြန်ပို့ဖို့နေနေသာသာ အကြွေးတောင်
ပြန်တင်သွားနိုင်ပါတယ်။ မသွားခင် အရင် သွားဖူးတယ့် သူတွေ ပြန်ပြောပြတယ့် လုပ်အားခ ပမာဏ
ကိုပဲ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ရရှိတယ့် လုပ်အားခထက်တော့ သိသိသာသာ များတယ်
လို့ပဲပြောရမှာပေါ့။ ဒါပေမယ့် လူကိုယ်တိုင် ရောက်သွားချိန်မှာတော့ တစ်ဖက်နိုင်ငံမှာ
ကုန်ကျမယ် ကိုယ့်ရဲ့ နေထိုင်စရိတ်၊ စားစရိတ်၊ ပိုပိုလိုလို အသုံးစရိတ် စတဲ့ များစွာသော
စရိတ်တွေကို ဖယ်လိုက်မယ် ဆိုရင်တော့ သာမှန် အခြေခံ လုပ်သားတစ်ယောက်ရဲ့ အများဆုံးရနိုင်တယ့်
ဝင်ငွေပမာဏကို ရထားရင်တောင် တစ်လကို မြန်မာငွေ တစ်သိန်း မပြည့်တစ်ပြည့် လောက်သာ စုမိနိုင်ပါလိမ့်မယ်။
အဲ့ဒါကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့
မသွားမှီ မိမိကိုယ်တိုင် မိဝေးဖဝေး ရပ်ဝေးရွာဝေးကို
တစ်ယောက်ထဲ သွားပြီး ကြုံလာသမျှ အဆိုးအကောင်း အားလုံးကို ဘာလာလာ မိမိတစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့
ကိုလည်း ကြိုပြီး အားတင်းထား နိုင်မှ တော်ကာကျ ပါမယ်။ တိုင်းတစ်ပါးကို ရောက်ပြီ ဆိုတာနဲ့
ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုမှ မျှော်လင့်လို့ မရတော့ပါဘူး။ ဟိုမှာ ကိုယ့်အမျိုး
အဆွေတွေ ရှိနေတယ် ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ကိုယ်ကိုတိုင်က အရမ်းအားငယ် တတ်တယ်ဆိုရင်တော့
လုံးဝ မသွားသင့်ပါလို့ အကြံပေးပါရစေ။
ဒါကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့
ကြိုးစားနေကြတယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူစတယ့်
အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် အလုပ်လုပ် ကြတော့မယ် ဆိုရင် မသွားခင် ကိုယ့်ကိုပို့ပေးမယ်
အေဂျင်စီက တာဝန်ရှိသူများနဲ့ ဟိုမှာရနိုင်မယ့် ဝင်ငွေ ခန့်မှန်းခြေ ပမာဏ၊ အလုပ်လုပ်ကိုင်ရမယ့်
စက်ရုံအမျိုးအစား၊ ကိုယ်အလုပ်လုပ်ကိုင်မယ့် လုပ်ငန်းက ကိုယ့်ကျန်းမာရေးနှင့် အသက်အတွက် အာမခံပေးနိုင် မပေးနိုင်၊ ဟိုရောက်ရင် ကိုယ်နေထိုင်ရန်အတွက်
အလုပ်ရှင်ဖက်က စီမံပေးနိုင် မပေးနိုင်၊ တကယ်လို့ ကိုယ်လုပ်မယ့် အလုပ်မှာ အဆင်မပြေရင်
ကိုယ်ကိုပို့ပေးတယ့် အေဂျင်စီ ကနေ ဘယ်လိုပြန်ပြီး စီစဉ်ပေးနိုင်မလဲ စတဲ့ အချက်တွေကို
အသေးစိတ် အားမနာတမ်း ဆွေးနွေး မေးမြန်း သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ကိုယ်ကအားနာလို့
အေဂျင်စီက လုပ်ပေးသမျှ အကြောင်း အကောင်း ဆိုပြီး မျက်စိမှိတ် သွားလိုက်တယ့် သူအများစုက
ဟိုနိုင်ငံရောက်မှ အလုပ်အကိုင် အဆင်မပြေ ပေမယ့်လဲ ကိုယ်နဲ့ အေဂျင်စီအကြားက ချုပ်ထားတယ့်
စာချုပ်သက်တမ်းအရ ဆိုတဲ့ ချည်ပြီးတုပ်ပြီး ညစ်လုံးတွေကြောင့် အလုပ် လုပ်နေရတဲ့ သုံးနှစ်
သို့မဟုတ် လေးနှစ်တာ ကာလကို စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်းပြီး မြန်မာနိုင်ငံကို ဒုံရင်း
ဒုံရင်း အတိုင်းပြန်လာရတဲ့ သူတွေလည်း များစွာရှိနေသေးတာကို သတိပြု သင့်ပါတယ်။ ထို့ကြောင့်
ကိုယ်မသွားခင် သိထားသင့်တယ်လို့ ယူဆတယ့် အချက်အလက် များ အလုပ်သမားများဆိုင်ရာ ရပိုင်ခွင့်
များအကြောင်းကို ကိုယ့်ကိုပို့ပေးမယ့် အေဂျင်စီနဲ့ အကြေအလည် အားမနာတမ်း တိုင်ပင်ဆွေးနွေး
ပြီးမှသာ သွားသင့်ပါတယ်။
နောက်ပြီး ကိုယ်မသွားခင် ကိုယ်ရနိုင်တဲ့
လစာ ခန့်မှန်းခြေ ပမာဏကို တည်ပြီး ကိုယ်သွားမယ့် နိုင်ငံက နေ့စဉ် ကုန်ကျမယ့် ပျမ်းမျှ
အသုံးစရိတ်ကို နုတ်ကြည့်လိုက်ပါ။ ထိုမှသာ မသွားခင်ကတည်းက ကိုယ်သွားအလုပ်လုပ်ရင် တစ်လကို
ဘယ်လောက် စုမိနိုင်တယ်ဆိုတယ့် ခန့်မှန်း ငွေကြေး ပမာဏကို သိရပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံသားအများစုက
ကိုယ့်အေဂျင်စီ ပြောပြတဲ့ တစ်လ မြန်မာငွေ ငါးသိန်းခန့် သို့မဟုတ် ခြောက်သိန်းခန့်
ရရှိနိုင်တယ်ဆိုတယ့် မက်လုံးတစ်ခုကိုပဲ မျက်စိမှိတ် ပြီးစိတ်ထဲ မှတ်ထားတတ်ကြတယ်။ အေဂျင်စီတွေက
မလိမ်ပါဘူး ဟုတ်ပါတယ် တကယ်သွားရင် အဲ့ဒီလောက် နီးနီး တော့လူတိုင်းရကြပါတယ်။ ဒါပေမယ့်
အေဂျင်စီ အများစု မပြောပဲ ထိမ်ချန်ထားတယ့် အချက်တစ်ချက်က သွားမယ့် နိုင်ငံရဲ့ အသုံးစရိတ်ကိုပါ။
ဒါကြောင့် ကိုယ်တစ်လ ဘယ်လောက်စုမိနိုင်မလဲ ဆိုတယ့် အချက်ကို အနီးစပ်ဆုံး တွက်ကြည့်ချင်ရင်တော့
ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ရမယ့် လစာထဲကနေ ခန့်မှန်းချေ အသုံးစရိတ်ကလေး
နုတ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။
ဟုတ်ပါတယ် တကယ်တိုးတက် ဖွံ့ဖြိုးနေတယ့် နိုင်ငံမှာ
သွားအလုပ်လုပ်မှာ ဖြစ်တဲ့အတွက် လုပ်အားခကလည်း တခြားနိုင်ငံငယ်ကလေးတွေထက်တော့ များစွာပိုပါတယ်။
ဒါပေမယ့် တိုးတက်နေတဲ့ နိုင်ငံဖြစ်သည့် အတွက် လုပ်အားခ များသလို အသုံးစရိတ်လည်း ပိုများတာကတော့
ဓမ္မတာ ပါပဲ။ ဒါကြောင့် စစ်စစ်ကုပ်ကုပ်နဲ့ မစုတတ်တဲ့ သူတွေအတွက်ကတော့ နိုင်ငံခြားမှာ
ရတယ့် လစာနိုင်ငံခြား ရဲ့ကြီးမားတဲ့ အသုံးစရိတ်နဲ့ တွက်လိုက်ရင်တော့ ဘဲစားဘဲခြေပဲ ဆိုတာထက်
ပိုမှာမဟုတ်ပါဘူး။ ဒါကြောင့် မချွေတာတတ် သူများကိုလည်း နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ဖို့ကို
နှစ်ခါပြန်စဉ်းစားစေခြင်ပါတယ်။
နောက်ပြီး ကိုယ်က ဆယ်တန်းလည်း မအောင် မြန်မာနိုင်ငံထဲက
ရမယ့်လုပ်အားခကိုလည်း အားမရ ကမ္ဘာပတ်ပြီး စွန့်စားချင်စိတ် ကလေးကလည်း ရှိတဲ့ ရွှေမြန်မာများအတွက်ကတော့
မသွားခင်မှာ English Speaking ကလေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်သွားစေချင်ပါတယ်။
နောက်ဆုံးကိုယ်က အောက်ခြေ အလုပ်သမားပဲ ဖြစ်စေဦးတော့ Speaking နိုင်တယ်ဆိုရင် အထက်လူကြီး
လဲကိုယ့်ကို အထင်မသေးရဲတဲ့အပြင် အားကိုးအားထားပြု လာနိုင်ပါတယ်။ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြတဲ့
အလုပ်သမားတွေနဲ့ ကြီးကျပ်သူတွေက နိုင်ငံမတူ ဘာသာစကားမတူ တစ်ဦးပြောလို့ တစ်ဦးနားမလည်
ဆိုတယ့် ဒုက္ခကလည်း တကယ်မသေးပါဘူး။ နောက်ပြီး နိုင်ငံခြားက စက်ရုံတော်တော် များများမှာလည်း
မြန်မာနိုင်ငံသား လုပ်သားတွေက ၄၀ ရာခိုင်နှုန်းလောက် နေရာယူထားကြတာပါ။ ဒါကြောင့် ကိုယ်က
Speaking ကောင်းကောင်းရတယ် ဆိုရင် ကိုယ့်အထက်လူကြီးနဲ့ အလုပ်သမားတွေကြားက စကားပြန်
နားလည်မှု ပေါင်းကူးတံတား တစ်စင်း ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်က အောက်ခြေ
အလုပ်သမား ဘဝကနေ ရာထူးတိုးဖို့ ၆၀ ရာခိုင်နှုန်းလောက် သေချာ သွားပြီပေါ့။ ပြီးတော့ သူများနိုင်ငံမှာ
အလုပ် လာလုပ်တယ့် အလုပ်သမားတွေ အားလပ်ရက်မှာ အပြင်ထွက်လည်နေစဉ် ရဲက ရစ်ပြီး ပိုက်ဆံတောင်းတဲ့
အဖြစ်တွေလဲ များစွာရှိပါတယ်။ ဒါပေမယ့် ကိုယ်က English လိုပြန်မှုတ်နိုင်မယ် ဆိုရင်တော့
လာရစ်နေတဲ့ ရဲတွေလည်းကိုယ့်ကို အထင်မသေးရဲပဲ ဆက်မရစ်တော့တာ အေးအေးလူလူ ကိုယ်သွားနေတဲ့လမ်း
ဆက်သွားခွင့် ပြုလိုက်တာ စတဲ့ သာဓကတွေလဲ များစွာရှိပါတယ်။ ဒါကြောင့် မသွားခင်
English Speaking ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်ယူလေ့ကျင့်သွားစေချင်ပါတယ်။
ကဲ အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ် တွေထဲက နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်လိုတဲ့ သူများရှိရင်လည်း လဝန်းညို ပြောပြခဲ့တဲ့
အချက်အလက် လေးတွေအတိုင်း သေချာ စဉ်းစားစီစဉ်ပြီး မှသွားကြပါလို့လည်း လဝန်းညိုက စေတနာများစွာဖြင့်
သတိပေး လိုက်ပါတယ်နော်။ လဝန်းညို ပြောပြတယ့် အကြောင်းအရာများထဲမှာ ပရိတ်သတ်ကြီး စိတ်မတွေ့စေမယ့်
အကြောင်းအရာများ ပါခဲ့ရင်လည်း လဝန်းညိုရဲ့ စေတနာ အမှားကို သည်းခံခွင့်လွှတ်ပေးဖိုကိုလည်း
ကြိုပြီး တောင်းပန်ထားပါရစေနော်။ နောက်နောင်ကိုလည်း လဝန်းညို တို့ရဲ့ Blog ဖြစ်တယ့်
www.athoatsone.blogspot.com အသုပ်စုံ Blog နှင့် facebook page (athoatsone) ကိုလည်း အမြဲလာလည်ဖို့
ဖိတ်ခေါ်ပါရစေ။
စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)
No comments:
Post a Comment