Saturday, May 12, 2018

ကလေး နှင့် ရိုက်နှက်ဆုံးမခြင်း......


ဒီ Post ကိုမရေးခင် အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ် ကြီးကို လဝန်းညို ကြိုပြီး တောင်းပန်ထား ပါရစေ။ အကြောင်းကတော့ အောက်မှာ လဝန်းညို ဆက်ရေးမယ့် အကြော်းအရာ များအပေါ် လဝန်းညိုနှင့် တွေးခေါ်ပုံ ခြင်း အမြင်ခြင်း မတူနိုင်တယ့်သူများ များစွာ ရှိနေမယ်ဆိုတာကိုလည်း လဝန်းညို ကြိုမြင်ထားလို့ပါ။ ပြီးနောက် အောက်မှာ ဆက်ရေးမယ့် အရာများ စိတ်ကူး အိုင်ဒီယာများသည် ကျွန်တော် လဝန်းညို တစ်ဦးတစ်ယောက် ထဲ၏ စိတ်ကူး အိုင်ဒီယာ ခံစားချက်များသာ မကပဲ တစ်ခြား လဝန်းညို၏ အသိမိတ်ဆွေ သူငယ်ချင်းများစွာရဲ့ ရင်ဖွင့်ချက်များလည်း ပါဝင်တယ့် အတွက် အကြောင်းအရာ တော်တော်များများ ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ခါးသက်သော အမှန်တရားများ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ စာဖတ်ပရိတ်သတ်ကြီး ယခု Post ကိုဆက်လက် ဖတ်ရှုရင်း သိမြင်ခံစားရပါလိမ့်မယ် လို့လည်း ကြိုတင် အသိပေးထားပါရစေ။ 
ယခု လဝန်းညို ရေးမယ့် အကြောင်းအရာ ကတော့ ကျွန်တော်တို့ ရွှေနိုင်ငံကြီး အတွက် အလွန် အရေးပါတယ့် အနာဂါတ်ရဲ့ ကြယ်ပွင့် အလောင်းလျှာ လေးများကို ပဲပြင်ဆုံးမ အတတ်လည်းသင် ဆိုတယ့် ဝတ်တရားများနဲ့ ပညာများကို သင်ကြားပေးနေကြသော နိုင်ငံတဝှမ်းရှိ အ.မ.က၊ အ.လ.က၊ အ.ထ.က ကျောင်းတော်ကြီးများမှာ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမ များအကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်မှာ လဝန်းညို ပြောခဲ့သလို ဆရာဆရာမ တွေဆိုတာ လဝန်းညိုတို့ ဗုဒ္ဓဘာသာ အယူအဆ အရလဲ ဘုရားနှင့် တစ်ဂိုဏ်းထဲ ထားရတဲ့ ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ တကယ်လည်း ကြည်ညို လေးစား ချစ်ခင်စရာအတိပြီးတဲ့ ဆရာ၊ ဆရာမ များစွာကိုလည်း လဝန်းညိုတစ်သက်မှာ ဆရာသခင် တော်စပ် ခဲ့ရဘူးပါတယ်။ သို့သော်လည်း လောကကြီးရဲ့ ထုံးစံအတိုင်း နေရာတကာ အဆိုးနှင့် အကောင်း အမြဲ ဒွန်တွဲ နေတယ်ဆိုတာကိုတော့ အသုပ်စုံရဲ့ စာဖတ်ပရိတ်သတ်ကြီး မငြင်းနိုင်ကောင်းပါဘူးနော်။ ခေါင်းစဉ်မှာ ပြောခဲ့တယ့် လူကြမ်းကြီးများ ဆိုတာကလည်း လဝန်းညိုတို့ ချစ်ခင် ရိုသေ မြတ်နိုးရတယ့် တကယ်လည်း ဆရာ ဆိုတယ့်ဝိသေသနဲ့အညီ အမြဲကျင့်ကြံနေထိုင်တတ်တယ့် ဆရာသခင် ကျေးဇူးရှင်များကို မရည်ရွယ်ပဲ ၄င်းနှင့် ဆန့်ကျင်ဖက်  တုတ်တကားကားနှင့် တပည့်တွေကို ကျိုးကြောင်း ဆင်ခြင်ခြင်း စုံစမ်းမေးမြန်းခြင်း မရှိပဲ ပွဲပြီးမီးသေ ပုံစံမျိုးနဲ့  ရိုက်နှက်ရခြင်းအပေါ်မှာ အလွန်တရာ ဝါသနာပါ သူများကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ 
အမှန်တကယ်မှာ လဝန်းညို အပြင် ဒီ Post ရေးရန် အတွက် လဝန်းညို မေးမြန်းစုံစမ်း ကြည့်ခဲ့တဲ့ ငယ်သူငယ်ချင်း တော်တော်များများဟာ ရိုက်နှက်ဆုံးမခြင်း ဟူသော အခြင်းရာကို မတူညီသော ခံစားချက် မတူညီသော ရှုထောင့်များကနေ ကန့်ကွက်မဲ ကိုသာ ရာနှုန်းပြည့် ပေးခဲ့ကြပါတယ်။ ထို လဝန်းညို၏ သူငယ်ချင်း အသိမိတ်ဆွေ များရဲ့ တပည့်တွေကို ဆရာများ ရိုက်နှက်ဆုံးမခြင်း အပေါ် ထားရှိတယ့် ၄င်းတို့ရဲ့ မတူညီတဲ့ ခံစားချက်များကိုလည်း ယခု Post မှာ ထည့်သွင်းဖော်ပြ သွားမှာပဲ ဖြစ်ပါတယ်။ 
ဥပမာ တစ်ခုကို ပြောပြ ရမယ် ဆိုရင်တော့ အလွန့်အလွန် ထိန်းမနိုင် သိမ်းမရ စကားများပြီး ဆူညံနေသော အတန်းတစ်တန်းကို ဆရာက အပြစ်ပေးတဲ့ အနေနဲ့ တစ်ခန်းလုံး အယောက်စေ့ တစ်ယောက်တစ်ချက် စီလောက် ရိုက်လိုက်မယ် ဆိုကြပါစို့။ အဲဒီဆရာ ရိုက်လိုက်တဲ့ အထဲမှာ သူများတွေ စကားပြောနေချိန်မှာ တစ်ယောက်ထဲ ကြိတ်ပြီး စာကျက်နေသူ တွေလဲ ပါကောင်းပါနိုင်ပါတယ်။ ဆရာပေးထားတဲ့ အိမ်စာတွေ ကြိုပြီး လုပ်နေသူတွေလည်း ပါကောင်းပါမယ်။ သို့သော် သူတို့ကိုယ်တိုင် စကားမများ လိုက်ရပဲ တစ်တန်းလုံး သိမ်းကြုံးရိုက်ခံရတဲ့ အထဲ ပါသွားခဲ့တဲ့ အတွက် အဖြူထည် လေးပဲ ရှိတဲ့ အဲဒီကလေးရဲ့ စိတ်ထဲမှာ ဘာတွေ ဆက်တွေးပြီး ဘယ်လို ယူဆသွားနိုင်မလဲ ဆိုတာ ပရိတ်သတ်ကြီး ဆက်တွေးကြည့်ပါ။ နောက်နောင် အဲ့ဒီကလေးက သူ့အတန်းဖော်တွေ ဆူညံသောင်းကျန်း နေတဲ့ အချိန်မှာ သူလဲ မိုးခါးရေ သောက်ဖို့ကို အဲ့ဒီ မဆိုင်ပဲ အရိုက်ခံလိုက်ရတဲ့ အချိန်ကလေးထဲက အသင့်ဖြစ် သွားခဲ့ပါပြီ။ ဖြစ်သင့်ပါရဲ့လား။………………..
နောက်ပြီး ကလေးတွေကြားမှာ အမြဲတမ်းရှိနေတတ်တဲ့ နာမည်ကြီး ခေါင်းစဉ်တစ်ခုကတော့ ကြီးနိုင်ငယ်ငြှင်း နိုင်ထက်ကလူ ပြုခြင်းပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကိုတော့ လဝန်းညို ကိုယ်တိုင် မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ အတန်းတစ်တန်းမှာ လူကောင်ကြီးတဲ့ ကလေးတွေက နဲနဲ ညှက်ပြီး အားငယ်တတ်တဲ့ ကလေး တွေကို အနိုင်ကျင့်ခြင်းပဲဖြစပါတယ်။ အနိုင်ကျင့် ခံရတဲ့ ကလေးက ဆရာမဆီ အားကိုးတကြီးနဲ့ သွားတိုင်ရာမှာ တိုင်တဲ့သူပါ ရောပြီး ဆော်ခံလိုက်ရပါတယ်။ သူ့မှာ အနိုင်ကျင့်လဲ ခံရ ဆရာမ ရိုက်တာလဲ ခံရနဲ့ မိအေးနှစ်ခါနာ ဖြစ်သွားတော့ နောက်နောင် ကြုံလာတယ့် ပြဿနာများကို လူကြီးတွေကို အသိမပေးတော့ပဲ သူ့ကလေးအတွေး ကိုယ်ပိုင် ဥာဏ်ကလေးနဲ့ပဲ စိတ်ကူးတည့်သလို လျှောက်လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ အဖြစ်အပျက်ကို ဆက်ပြောရမယ် ဆိုရင်တော့ အရိုက်ခံရပြီးတော့ နောက်သူများ အနိုင်ကျင့်ခံရလဲ ဘယ်သူ့ကိုမှ မတိုင်ရဲ တော့ဘူး သူက သွားမတိုင်တော့ အနိုင်ကျင့်တတ်တဲ့ ကလေးတွေကတော့ အကြိုက်ပေါ့။ ဒါပေမယ့် နောက်တစ်နှစ် စာသင်နှစ်မှာပဲ အမြဲအနိုင်ကျင့်ခံရတယ့်ကလေးက ခံရပါများတော့ သူ့မှာ သွားလဲ မတိုင်ရဲပဲ သည်းမခံနိုင်တယ့် အဆုံး သူကြောက်နေရတယ့်သူကိုပဲ ခဲတံချွန်တယ့် ဓားနဲ့ ထိုးလိုက်တာ သွေးကို ငေါက်တောက်ထွက်ကုန်တာ မြင်လို့တောင် မကောင်းဘူး အဲ့လိုအချိန်ရောက်မှ ကလေးကို ဘာကြောင့် လုပ်ရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ သူ့အမေက ကျောင်းမှာ လာရိုက်တာ မြင်လို့တောင် မကောင်းဘူးဗျာ။ အဲ့ဒီအချိန်က လဝန်းညိုတို့လဲ အဲကလေးလေး အရွယ်ပဲ ရှိသေးတော့ အသေးစိတ်ကို ခြုံပြီးတော့ ခုလို မစဉ်းစားတတ် သေးဘူးလေ။ စိတ်ထဲကနေတော့ ကိုယ်အတန်းဖော်ကို သနားမိတာ အမှန်ပဲ သူအမြဲ အနိုင်ကျင့် ခံနေရတာကို ကိုယ်တွေအသိပဲလေ။ ဖြစ်သင့်ပါရဲ့လား………………..
အပေါ်က လဝန်းညို ပြောပြခဲ့တဲ့ အကြောင်းတွေကတော့ တကယ် အပြစ်မရှိပဲ အရိုက်ခံ ရတဲ့ ကလေး တွေရဲ့ ဥပမာတွေပါ။ အိုကေ ဒါဆိုရင် အပြစ်ရှိတဲ့ ကျောင်းသားတွေကိုရော ရိုက်ပြီးဆုံးမသင့်လား?။ အပြစ် ရှိတယ်မရှိဘူးဆိုတာကို ဘယ်လို စံပေတံနဲ့ တိုင်းတာမှာလဲ။ ဥပမာ တစ်ခုလောက် ထပ်ပေးကြည့် ရအောင်။ ဆရာက အိမ်စာတစ်ခု လုပ်ခိုင်းခဲ့တယ်။ ဒါကို ကလေးတစ်ယောက်က မလုပ်လာဘူး။ ရိုက်ပြီး အပြစ်ပေးလိုက်တယ်။ နောက်တစ်နေ့ မှာတော့ အဲဒီကလေးက အိမ်စာလုပ်လာတယ်။ စာကို စိတ်ဝင်စားလို့ တော့မဟုတ်ဘူး အရိုက်ခံရမှာ သူ့အသားနာမှာ ကြောက်တဲ့အတွက် ကြောင့်သာ ပြီးစလွယ် လုပ်လာ လိုက်တယ်။ အိမ်စာတွေ လိုက်စစ် ချိန်ရောက်တော့ ဆရာကတော့ ကျေနပ်သွားတယ်။ သူရိုက်လိုက်တာ မှန်သွားပြီ ဆိုပြီး သူ့ကိုယ်သူ ခံယူလိုက်တယ်။ ဒါပေမယ့် အရိုက်ခံရမှာ ကြောက်လို့ အိမ်စာလုပ်တဲ့ ကလေးတစ်ယောက် စာကော တကယ်ရမှာလား။ တကယ်လို့ သူ့ကို တုတ်ပြပြီးလုပ် မယ့်သူမရှိတဲ့ အချိန် ရောက်လာရင်ကော သူ့ဘာသာသူ အလိုက်တသိ လုပ်မယ်ထင်လား။ တကယ်လို့ သူ့ကိုရိုက်မယ့်အစား အိမ်စာကို ဘာကြောင့်လုပ်သင့်တယ် ဘယ်လို အကျိုးရှိတယ် ဆရာက ပေးလိုက်တဲ့ တာဝန်ကို ကိုယ်တိုင် တာဝန်သိစိတ်နဲ့လုပ်တတ်သွားရင် ဘဝမှာ ဘယ်လိုအကျိုးများမယ် ဆိုတာမျိုး စိတိရှည်လက်ရှည် ရှင်းပြပြီး ချော့ခိုင်းရင်ကော၊ ဒါမှမဟုတ် မြှောက်ခိုင်းရင်ကော မရနိုင်ဘူးလား။ လူကြီးတွေ မှမဟုတ်ပါဘူး ကလေးတွေလည်း အမြှောက် အပင့်ကိုတော့ ကြိုက်တတ်ကြတာပဲလေ။ ဟုတ်ဘူးလား။ လူကြီးတွေ ပြောပြော နေတတ်တဲ့ အနောက်က ကြိမ်တို့ပြီး ခိုင်းနေရတာ နွားဆိုသလို ဆရာက ကလေးကို နွားစိတ်သွင်း ပေးနေတာနဲ့ မတူဘူးလား။ သခင်မျိုးဟေ့ ဒို့ဗမာ လို့သာ ဟစ်ကျွေးနေကြပြီး သခင်စိတ်ထားမှာ အလွန်အရေးပါတဲ့ တာဝန်သိစိတ် နဲ့တာဝန်ယူမှု ဆိုတဲ့ အခြေခံစိတ်ကလေး ကိုတောင် နည်းမှန်လမ်းမှန် မသင်ပေးပဲ တုတ်နဲ့ပဲ လွယ်လွယ် ဖြေရှင်းခဲ့ကြတော့ ကလေးတွေ ကျွန်စိတ် ဆန်ဆန် တာဝန်ယူ သိတတ်မှု မရှိကြတော့တာ ဖြစ်သင့်ရဲ့လား?.................
အဲ့အတန်းထဲမှာပဲ ကလေးတစ်ယောက် ကတော့ ပထမနေ့ အိမ်စာမလုပ်လာလို့ ရိုက်ခံရတယ်။ ဆရာက နောက်ထပ် အိမ်စာ အသစ်တစ်ခု ထပ်ပေးလိုက်တယ်။ ဒါပေမယ့် ထပ်ပြီး မလုပ်လာပြန်ဘူး။ ထပ်ရိုက်တယ် အိမ်စာထပ်ပေးတယ် မလုပ်လာတော့ ထပ်ရိုက်တယ်၊ ဒီလိုနဲ့ ပဲ ဆရာနဲ့ တပည့် တစ်နှစ်လုံး မုန့်လုံးစက္ကူ ကပ်ဖြစ်နေကြတယ်။ နှစ်သာကုန်သွားတယ် အဲဒီကလေး အိမ်စာတစ်ခါမှ မလုပ်ဖြစ်ဘူး။ စာမလုပ်တဲ့ အပြင် ဆရာတွေ အပေါ်မှာ ထားတဲ့ အဲ့ဒီကလေး ရဲ့စိတ်နေ သဘောထားကလဲ ပိုပြီး ဆိုးရွား သွားတော့ ဆိုးတဲ့ ကျောင်းသား ဆိုတဲ့ နာမည်ဆိုးကို ပိုပြီးခိုင်မာ သွားစေပါတယ်။ ဒီအဖြစ်အပျက်မှာ ဘာက မှားနေတယ်လို့ အသုပ်စုံရဲ့ ပရိတ်သတ်ကြီးထင်လဲ။ ဒီအဖြစ်အပျက် ကိုအခြေခံပြီး တွေးကြည့်ရင် ရိုက်ပြီး အပြစ်ပေးတာက ပြဿနာတစ်ခုအတွက် ကလေးတစ်ယောက် လိမ္မာ လာစေဖို့ မှန်ကန်တဲ့ နည်းလမ်း ဟုတ်ပါရဲ့လား။ 
လဝန်းညို တို့ရဲ့ မြန်မာနိုင်ငံတွင်း ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာ များအရ ဆရာသခင် များက ကိုယ့်တပည့် တွေကို လိမ္မာသိတတ်စေရန် အလို့ငှာ ရိုက်နှက် ဆုံးမခြင်း ဟူသောအမှုကို ရှေးယခင် ပဝေသဏီ အချိန်ကတည်းက တွင်တွင်ကျယ်ကျယ် ကျင့်သုံးလာခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား အားလုံးအတွက် ကိုယ့်တူ ကိုယ့်သား ကိုယ့်သမီး တို့ကို ကျောင်းတွင် ဆရာ၊ ဆရာမ တစ်ဦး တစ်ယောက်က ရိုက်နှက် အပြစ်ပေး လိုက်သည် ဟုပြန်သိရ ကြားရသည့်တိုင် အထူး အဆန်းဟု မမှတ်ယူပဲ တစ်ချို့ မိဘများဆို ဆရာ ကျွန်တော့ သား၊ သမီးကို နာနာရိုက် ပေးပါနော် လို့တောင် သွားပြီး အပ်နှံကြတဲ့ အစဉ်လာကလဲ ခေါက်ရိုးတော်တော် ကျိုးနေကြပါပြီ။ နောက်ပြီး အိုးကောင်း နာနာရိုက် တို့ ဆန်ရင်း နာနာဖွပ်တို့ စတဲ့ အရိုက်ကြမ်းတဲ့ ဆရာတွေကို ပိုလို့ မီးလောင်ရာ လေပင့်ဖြစ်စေတဲ့ ရှေးစကားပုံ တွေကိုလည်း မိဘနဲ့ ဆရာကြား ပရိတ်ရွတ် သလို တတွတ်တွတ် ရွတ်နေလေတော့ လူကြမ်းကြီးတွေ ပိုအားရတာပေါ့နော်။ လဝန်းညို အမြင်ကို ပြောရမယ် ဆိုရင်တော့ အိုးကောင်း နာနာရိုက် ဆိုတဲ့စကားဟာ အိုးလုပ်သူတွေ အတွက်သာ မှန်ပါလိမ့်မယ် နောက်ပြီး သူတို့ရိုက်နေတဲ့ အရာက အော်လည်းမငိုတတ် မျက်ရည်လည်း မကျတတ် စဉ်းလဲ မစဉ်းစားတတ် တဲ့ သက်မဲ့ အရာဝတ္ထု ရွှံ့တုံးကြီး တစ်တုံးမျှသာ ဖြစ်တဲ့ အတွက် သူ့ကို နာနာရိုက်ယုံမကလို့ သောက်ရမ်းရိုက်သည့် တိုင်အောင် အိုးကောင်း တစ်လုံးက လွဲလို့ ဘာမှပိုပြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဆန်ရင်းနာနာဖွပ် ဆိုတဲ့ စကားပုံလဲ ထို့အတူပါပဲ။

ဒါဆိုရင် ရှေးစကားပုံတွေက အမှားကြီးတွေလား လို့မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး သူ့ဖာသာသူနေနေတဲ့ ရှေးစကားပုံတွေက နဂိုကတည်းက မှန်နေ ပြီးသားပါ လူတွေကသာ အဓိပ္ပါယ်ကောက် လွဲမှားနေခြင်း ဖြစ်ပါတယ်။ အိုးကောင်းနာနာရိုက် ဆိုတဲ့ စကားပုံဟာ လူကိုနာနာရိုက်ခိုင်းခြင်း ဆိုတာထက် နာနာ လေ့ကျင့်ပေးခြင်း နာနာ သွန်သင်ပြသ ပေးခြင်း မှားနေတဲ့ စိတ်ကူး အိုင်ဒီယာ များကို အမှန်ဖြစ်အောင် ပြင်ပေးခြင်းကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ သွန်သင် ပြသ ရာမှာလည်း ဆရာဖက်မှ စစ်မှန်တဲ့ အားစိုက်ထုတ်ခြင်း နည်းပရိယာယ် လိုအပ် ပါတယ်။ ခုလတ်တလော ဖြစ်နေတယ့် ပြဿနာမီး ငြိမ်းသွားရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်လိုက်ခြင်း ကိုတော့ ဆရာဖက်မှ အားစိုက်ထုတ်ခြင်း မလုပ်လို၍ ပြီးပြီးရော သဘောဖြင့် ပြဿနာကို ဖြေရှင်းလိုက်ခြင်း ဖြစ်တယ်ဟုသာ လဝန်းညို မြင်မိပါတယ်။ လဝန်းညို သိသလောက် နားလည်သလောက် နည်းမှန် လမ်းမှန် ဆိုရင် ဥပမာ အိမ်စာမလုပ်သော ကလေးတစ်ယောက်ကို ဆရာက ဘာကြောင့် မလုပ်လာတာလဲ ဆိုတဲ့ အကြောင်းရင်း ကိုအရင်သိအောင် စုံစမ်းပြီးမှ ကလေးကို အိမ်စာ ဘာကြောင့် လုပ်ခိုင်းခြင်းဖြစ်တယ်၊ ဘယ်လို အကျိုးကျေးဇူး တွေရှိတယ်၊ နောက်ဆိုရင်လဲ အတန်းဖော် အားလုံးနည်းတူ အိမ်စာ လုပ်လာသင့်တယ် စသည်ဖြင့် အကျိုးသင့် အကြောင်းသင့် အရင်ဆုံး ရှင်းပြသင့်ပါတယ်။ ရှင်းပြပြီးမှ ထပ်ပြီးမလုပ်လာဘူး ဆိုတော့မှ မိဘကို ခေါ်ပြီး ကလေးအကြောင်းကို မိဘနဲ့တိုင်ပင် သို့မဟုတ် ကလေးကို အိမ်တွင် စာလုပ်ဖို့ တွန်းအားပေးရန် မိဘကို တိုက်တွန်း စသည်ဖြင့် လုပ်ဆောင်သင့်ပါတယ်။  ဒါပေမယ့် မြန်မာမှု အလေ့အကျင့်အရ စကားပုံ တွေကို ကိုယ်လိုသလို အဓိပ္ပါယ် တလွဲတွေကောက်ပြီး စကားပုံထဲက အရာတွေနဲ့ မတူတဲ့ သက်ရှိ လူသား တစ်ယောက် ကိုရိုက်လိုက်ရင်တော့ ကောင်းလာမယ့်အစား အငြိုးအတေး စိတ်ဒဏ်ရာတွေသာ အဖတ်တင် ကျန်ရစ်မယ်လို့ လဝန်းညို တစ်ယောက် တွေးထင်မိပါကြောင်း။……….
သို့သော် ခေတ်နောက်ပြန်ဆွဲ ပြီး ဟောင်းနွမ်းနေတယ့် အယူအဆတွေကိုကာ ဖက်တွယ်ထား လေ့ရှိတဲ့ မြန်မာနိုင်ငံ သားတော်တော် များများကတော့ ကလေးကို လိမ္မာစေချင်ရင် နာနာရိုက်ရမယ် ဆိုတယ့် အယူဝါဒ ကိုခုချိန်ထိ ဖက်တွယ် ထားဆဲပါ။ ထိုသူများ အတွက်တော့ လဝန်းညိုက မေးချင်တဲ့ မေးခွန်းလေး တစ်ခု ရှိပါတယ်။ ယခု လက်ရှိ တိုးတက် ဖွံ့ဖြိုးနေတဲ့ နိုင်ငံများမှာ ရှိတဲ့ ကမ္ဘာကျော် နာမည်ကြီး ပုဂ္ဂိုလ် အများစုဟာ ငယ်ရွယ်စဉ် အခါနဲ့ သူတို့ တစ်ဘဝလုံး အိမ်မှာရော ကျောင်းမှာရော လုံးဝ တစ်ချက်မှ အရိုက်မခံ ခဲ့ရဖူးပါဘူး။ သို့ပေမယ့် ဘာကြောင့် ကမ္ဘာကျော် လောက်တဲ့ အထိ ဥဏ်ပညာ ကြီးများနေရတာပါလိမ့်နော်။ လဝန်းညို စဉ်းစားလို့ကို မရပါ။  
 ယခု နှစ်တွေမှာတော့ သင်ရိုးညွှန်းတမ်းတွေလဲ ပြောင်းသွားပြီ၊ ကျောင်းတွင်လဲ ဆရာ၊ ဆရာမများက တပည့်ကျောင်းသူ၊ ကျောင်းသားများအပေါ် ဟိုးအရင် အချိန်တွေကလို အရမ်းကာရော ရိုက်နှက် ဆုံးမခွင့် မပြုတော့ဘူး ဆိုတာကို သိရလို့ နောင်အနာဂါတ် ကလေးများအတွက် အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နောက်နောင်ကိုလဲ လဝန်းညိုတို့ မြန်မာနိုင်ငံရဲ့ အနာဂါတ် ကြယ်ပွင့်ကလေးများ ကျောင်းမှာ အရိုက်ခံရခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေး နေရင်း………….

စေတနာ များစွာဖြင့်
အသုပ်စုံ (လဝန်းညို)

No comments:

Post a Comment