Sunday, May 13, 2018

ကျေးဇူးပါ မေမေ


ကျွန်တော်တို့ ကမ္ဘာလောက ကြီးထဲက ရှိရှိသမျှသော လူသား အားလုံးတို့တွင် မိခင် ဟူသော ကျေးဇူးရှင် သူရဲကောင်း တစ်ဦးစီ ပိုင်ဆိုင်ကြရပါသည်။ ထို့အတူ အမေ ဆိုသော စကားလုံး ဟာလည်း ဘယ်စကားလုံး နှင့်မျှ မတူအောင် အဓိပ္ပါယ် များစွာသက်ရောက်ပြီး ခေါ်ဆိုရ အကောင်းဆုံး နာမတစ်ခု လဲဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော်အခြား သူငယ်ချင်း၊ ချစ်သူ၊ အသိမိတ်ဆွေ စတဲ့ အမည်နာမ များထက် ပိုပြီး ကျွန်ုပ်တို့ဘဝ စိတ်ကူး အတွေးအခေါ် အားလုံးကို လွှမ်းမိုးထားနိုင်ပြီး ထိုအမေဟု ခေါ်သော အမျိုးသမီး ထံမှ တခြား မည်သူ့ထံကမှ မရနိုင်သော အနွေးထွေးဆုံး မေတ္တာ၊ ဘယ်တော့မှ မပြောင်းလဲသွားတဲ့ ချစ်ခြင်း၊ အမြဲရှင်သန် နေတဲ့ ဂရုဏာ တို့ဖြင့် ကျွန်ုပ်တို့ကို ငယ်စဉ်ကလေးဘဝကစ လူကြီးဖြစ်သွား သည့်တိုင် ပြုစုပျိုးထောင် ပေးခဲ့ခြင်းကြောင့် ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ငယ်ရွယ်စဉ် အခါ ကသူ့ကိုပေးခဲ့တဲ့ ဆိုး၊ ပေ၊ တေ၊ ဂျီချ၊ ဂျစ်တိုက် စတဲ့ အမျိုးမျိုးသော ဒုက္ခများ ကိုလဲ ဖြစ်နေစဉ်ခဏတာသာ ဂရုဏာ ဒေါသောဖြင့် စိတ်ဆိုး ဒေါသထွက်ကောင်းထွက်ပေမယ့် အချိန်တန် တော့လဲ အမြဲခွင့်လွှတ်မြဲ၊ သည်းခံမြဲ၊ စေတနာ ဂရုဏာ ထားမြဲထားနိုင်တဲ့ အချင်းအရာကို ကြည့်ခြင်းအားဖြင့် သူ့ရင်ထဲမှာ ရှိတဲ့ ကျွန်ုပ်တို့ အတွက် မေတ္တာထုထည် ဘယ်လောက်များ ကြီးမားသလဲ ဆိုတဲ့ အတိုင်းအတာကို ခန့်မှန်းကြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လဲ ရှေးစာဆိုများက အနှိင်းဆမဲ့ မေတ္တာလို့ ကဗျာတစ်တန် စာတစ်တန်နဲ့ ရေးဖွဲ့ ဖော်ကြူး ရလောက်တဲ့ အထိကို ဖြစ်ရတာလဲ ဆန်းတော့ မဆန်း ပါဘူးလေ။

တစ်ခါတစ်လေ ကျွန်တော်တို့ အမေတွေ သားသမီး တွေကို ချစ်တာ မေတ္တာထားတာဟာ တစ်ဖက်သတ် ဆန်လွန်းနေတယ် လို့လဝန်းညို ထင်မိတယ်။ ကျွန်တော်တို့ အားလုံး အမေ့ မေတ္တာရိပ်ဟာ  ဘုရားရိပ် တရားရိပ် ပြီးရင် အအေးချမ်းဆုံးပဲ ဆိုတာကိုလဲ သိလျက်နှင့် အမေကို ကျေးဇူးစကား အများကြီး မပြောဖြစ်ကြဘူး။ အမေတွေကတော့ ကျေးဇူးတင်ခံချင်လို့ ကိုယ်တွေကို မေတ္တာထားတာမျိုး မဟုတ်ပေမယ့် အဲဒီစကားလေး တစ်ခွန်းကြား လိုက်ရရင် ပီတိဖြစ်ပြီး ကျွန်တော်တို့ ကြောင့်မောနေတဲ့ သူ့အမောတွေတော့ ပြေလျော့သွား နိုင်ပါတယ်။

ကျေးဇူးပါမေမေ
မေမေရေ ငယ်စဉ်ကလေးဘဝကတည်းက သားဝတ်ထားတဲ့ ညစ်ပေနေတဲ့ အဝတ်တွေကို လျှော်ဖွပ်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားတို့ ငယ်စဉ်အချိန်က သိချင်တတ်ချင် စပ်စုချင်လို့ မေးတဲ့ မေးခွန်းတိုင်းကိုလဲ ဘယ်လောက် အလုပ်များနေများနေ စိတ်ရှည်လက်ရှည် ပြန်ဖြေပေး ရှင်းပြပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
နောက်ပြီး မနက်စောစော ထပြီး အလုပ်မသွားခင်သားတို့စားဖို့သောက်ဖို့ နဲ့ သားတို့ရဲ့ တစ်နေ့တာ အဆင်ပြေစေဖို့ အမြဲ စိတ်ပူပြီး စီစဉ် ပေးတတ်တဲ့အတွက် နေ့စဉ် အဆင်ပြေပြေ ချောချောချူချူနဲ့ ဖြတ်သန်းနိုင်ခဲ့တာ မေမေ့ကျေးဇူး ကြောင့်ပါ။
မေမေရေ သားကို လူ့လောကထဲမှာ ကျင်လည်တဲ့အချိန် လူတွေနဲ့ ပေါင်းသင်းဆက်ဆံ တတ်ဖို့နဲ့ အကောင်းမြင်စိတ် ထားတတ်အောင် အမြဲ ဆိုဆုံးမနေတဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားသမီးတွေအတွက် ကိုယ်လုပ်ချင် ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချုပ်ထိန်းရင်း သားသမီးတွေရဲ့ အနာဂါတ်အတွက် ငွေကို ကုန်းရုန်းရှာ ချွေတာစု ခဲ့တဲ့ အတွက် သားတို့ ဘဝတွေ အေးအေး သက်သာနဲ့ အဆင်ပြေပြေ နေနိုင်တာတွေ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားကျောင်းစာသင်ချိန် တွေမှာလည်း သားရဲ့ ပညာရေးကို စိတ်ဝင်တစား အားပေးကူညီ ခဲ့တဲ့ အတွက် အထက်တန်းကျောင်း ပြီးဆုံးအောင် နေနိုင်ခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ ဘယ်လောက်ပဲ အလုပ်ကိစ္စ တွေများနေပါစေ သားသမီးတွေ အတွက် အမြဲ အချိန်ပေး ဂရုစိုက်ပေးနေတဲ့ အတွက် ကျေးဇူးပါ မေမေ။
မေမေရေ သားကို ဘယ်လောက်ပဲ စိတ်ဆိုးနေနေ တကယ်တန်း အရေးကြောင်းပေါ်လာတဲ့ အချိန်တွေတိုင်းမှာ သားဖက်က အမြဲမားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါ မေမေ။
အမေများနေ့မှ အကြီးမားဆုံးသော မေတ္တာတရားများ ပိုင်ဆိုင်သော
အမေများဆီသို့

စိတ်ကြည်နူးခြင်း များစွာဖြင့်
အသုပ်စုံ (လဝန်းညို)

No comments:

Post a Comment